ဂေထော
ရန်ကုန် -၂၀၂၀ နိုဝင်ဘာ ၂၆ (မော်ကွန်း)
ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်း ၅၀ ကျော် COVID-19 ကူးစက်ခံရပြီး နှစ်ဦးသေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF)က မော်ကွန်းသို့ပြောသည်။
သေဆုံးသွားသူ နှစ်ဦးအနက် တစ်ဦးသည် ကြိုတင်မဲကောက်ရင်း COVID-19 ပိုးကူးစက်ခံရကာ သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ရွေးကောက်ပွဲပြုလုပ်သည့်ရက်တွင် ပိုးကူးခဲ့၍ ယခုလအတွင်းသေဆုံးခဲ့ခြင်းဖြစ်ကြောင်း MTF က အဖွဲ့ဝင် (အခြေခံပညာကဏ္ဍ)ဦးအေးမင်းထိုက်က ရှင်းပြသည်။
“သန်လျင်ဘက်မှာ ကြိုတင်မဲကောက်ရင်းနဲ့ COVID ဖြစ်တယ်၊ နောက်တော့ ဆုံးသွားတယ်။ အဲလိုသိရင်းနဲ့ သွားပြီး သတိထားမိတယ်။ ဒါဆိုရင် အခြားဆရာ၊ ဆရာမတွေ COVID စစ်ဆေးတာဖြစ်ဖြစ် လိုက်ရင်းနဲ့ သိရတာ”ဟုဦးအေးမင်းထိုက်က ပြောသည်။
COVID-19 ကူးစက်ခံရသည့် ပညာရေးဝန်ထမ်းများသည် ကုသရေးစင်တာသို့ရောက်ရှိနေကြပြီး အချို့မှာ ၎င်းတို့မှတစ်ဆင့် မိသားစုဝင်မျာလည်း ကူးစက်ခံခဲ့ရသည်။
ရောဂါကူးစက်ခံရသော ပညာရေးဝန်ထမ်းများအား မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF)က စိတ်ပိုင်းဆိုင်ရာ အားပေးမှုများ ပြုလုပ်နေသကဲ့သို့ ဂုဏ်ပြုဆုငွေအဖြစ် တစ်ဦးလျှင် ငါးသောင်းကျပ် ပေးပို့ဂုဏ်ပြုလျှက် ရှိသည်။
သို့သော် MTFသည် အဖွဲ့ဝင် ဆရာ၊ ဆရာမများထံမှ အသင်းဝင်ကြေးနှင့်လစဉ်ကြေးများ ကောက်ခံခြင်း မရှိဘဲ ဆရာ၊ ဆရာမများမှ ဆန္ဒအလျောက် လှူဒါန်းခဲ့ကြသော ရံပုံငွေမှာ အကန့်အသတ်တစ်ခုသာရှိသည်ဟု MTF က ယနေ့ တွင် ထုတ်ပြန်ခဲ့သည်။
သို့ဖြစ်၍မဲရုံတာဝန်ထမ်းဆောင်ရင်း ကူးစက်ခံရသူ ပညာရေးဝန်ထမ်းများအား ဆက်လက် ဂုဏ်ပြုနိုင်ရေးအတွက် မိဘပြည်သူ၊ ဆရာ ဆရာမများမှ ပူးပေါင်းကူညီ ဂုဏ်ပြုပေးကြပါရန် အလှူရှင်များအား ဖိတ်ခေါ်ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် ပညာရေးဝန်ကြီးဌာနသည် မဲရုံတာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ၊ဆရာမများကို အသိအမှတ်ပြုသည့်အနေဖြင့် ရာထူးတိုးခြင်းနှင့် မိမိတာဝန်ထမ်းဆောင်လိုသည့် ဒေသသို့ ပြောင်းရွှေ့ရေး လျှောက်ထားခြင်းများကို ဦးစားပေးစဉ်းစားမည်ဟု နိုဝင်ဘာ ၁၂ ရက်တွင် အခြေခံပညာဦးစီးဌာနက မော်ကွန်းသို့ ပြောသည်။
မြန်မာတစ်နိုင်ငံလုံးတွင် မဲရုံပေါင်း လေးသောင်းဝန်ကျင်ရှိကာ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ၊ ဆရာမနှစ်သိန်းနီးပါးရှိနေသည်။
မဲရုံတာဝန်ထမ်းဆောင်ခဲ့ကြသည့် ပညာရေးဝန်ထမ်းများနှင့်အခြားတာဝန်ရှိသူများကို ကျန်းမာရေးစောင့်ရှောက်မှု၊ COVID-19 ရောဂါ စစ်ဆေးပေးရန် ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်တွင် MTF သည် ကြေညာချက်တစ်စောင်ထုတ်ကာ တောင်းဆိုခဲ့သည်။
ပုံစာ – ရွေးကောက်ပွဲရက် တွံ့တေးမြို့နယ်၊ဘုရားကြီးကျေးရွာအုပ်စုအတွင်းရှိ မဲရုံတစ်ရုံတွင် ပညာရေးဝန်ထမ်းများ မဲရေတွက်နေစဉ်။
ဓာတ်ပုံ – ဂေထော
#Dailynews

