ပေါက် – ၂၀၂၃ ဇန်နဝါရီ ၈ (မော်ကွန်း)
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း ဝန်လဲအထက်ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့မနက် ၇:၀၀ ဝန်းကျင်က စတင်မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီး သွားတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
“စစ်ကြောင်းဝင်တာ ငါးရက်လောက်ရှိနေပြီ၊သူတို့ဒီမနက်မီးရှို့တာတစ်ရွာလုံးကုန်တယ်၊အရင်တစ်ခါ၊အခုတစ်ခါ၊သူတို့လည်း လမ်းမှာမိုင်းထိလို့တော်တော်သေတယ်ပြောတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဝန်လဲအထက်ကျေးရွာက နေအိမ် ၇၀ နီးပါးမီးလောင်ပျက်စီးသွားခဲ့တာဖြစ်ပြီးကျေးရွာသားတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဝန်လဲကျေးရွာကနေ ပြန်ထွက်ခွာသွားပြီဖြစ်ပြီး အင်အား ၈၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်မီးရှို့လို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀ရက်နေ့အထိ မကွေးတိုင်းက နေအိမ် ၇,၈၁၈လုံး မီးလောင်ပျက်စီး ခဲ့တယ်လို့ Data For Myanmar က ၂၀၂၂ ဒီဇင်ဘာ ၁၀ရက်မှာထုတ်ပြန်ထားပါတယ်။
#Dailynews

