ရန်ကုန်-၂၀၂၃၊ ဩဂုတ် ၁၈ (မော်ကွန်း)
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အနီးကဖောင်းပြင်မြို့မှာ စိုးရိမ်ရေအမှတ်ကျော်နေပြီး အိမ်ခြေရာနဲ့ချီရေမြုပ်နေတယ်လို့ ဖောင်းပြင်မြို့နယ် လူမှုကူညီရေးအသင်းထံမှသိရပါတယ်။
“ရေကကျွန်တော့်ရင်ခေါင်းလောက်ထိမြှုပ်တယ်။အခုကသွားဖို့လာဖို့ဆို သမ္ဗာန်လေးတွေနဲ့သွားနေကြတာ။ အိမ်တွေတော်တော်များများလည်း ရေမြုပ်နေတယ်။ ခန့်မှန်းခြေ အိမ်ခြေနှစ်ရာနီးပါးလောက်ရှိမယ်။”လို့ ဖောင်းပြင်မြို့နယ်လူမှုကူညီရေးအသင်းတာဝန်ခံကပြောပါတယ်။
ရေကြီးမှုကြောင့်လူအသေအပျောက်တော့ မရှိသေးဘူးလို့သူကပြောပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ဖောင်းပြင်မြို့မှာ ချင်းတွင်းမြစ်ရေစိုးရိမ်ရေအမှတ်အထက် တစ်ပေခန့်ကျော်လွန်နေတယ်လို့ ပြီးခဲ့တဲ့နာရီပိုင်းအတွင်းက ထုတ်ပြန်ပါတယ်။
ရေဘေးသင့်နေတဲ့ဖောင်းပြင်မြို့နယ်မှာ ရာသီတုပ်ကွေးကူးစက်မှုတွေလည်းအဖြစ်များနေလို့ ဖောင်းပြင်မြို့နယ်ပြည်သူ့ဆေးရုံကြီးမှာ တုပ်ကွေးလူနာတွေနဲ့ပြည့်ကြပ်နေပါတယ်။
အရေးပေါ်ကျန်းမာရေးကိစ္စအရ သွားရေးလာရေးလုပ်မယ်ဆို ရေကြီးနေတာကြောင့်အခက်အခဲကြုံနေရတယ်လို့ လူမှုကူညီရေးလုပ်နေသူတွေကပြောပါတယ်။
ဖောင်းပြင်မြို့နယ်မှာကျေးရွာ ၁၇၀ ကျော်၊ အိမ်ခြေ ၁၇,၀၀၀ ကျော် နဲ့ လူဦးရေ တစ်သိန်းကျော်နေထိုင်ကြပြီး တောင်ယာလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြပါတယ်။
ဖောင်းပြင်မြို့နယ်ဟာ မုတ်သုန်ရာသီရောက်တိုင်း ရေဘေးဒဏ်ကိုခဏခဏကြုံရပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ၂၀၁၉ အထိကောက်ယူထားတဲ့စာရင်းတွေအရ ဖောင်းပြင်မြို့နယ်ဟာ ရေဘေးဒဏ်သာမက လေဘေးဒဏ်ပါခြောက်ကြိမ်တိတိကြုံခဲ့ရတယ်လို့ ဖော်ပြပါတယ်။
လေဘေးကြောင့် ဖောင်းပြင်မြို့နယ်မှာအမျိုးသားတစ်ဦးသေဆုံးခဲ့ကာ အဆောက်အဦတစ်ရာကျော်အမိုးလန်ပျက်စီးခဲ့ပြီး ဘာသာရေးအဆောက်အဦတစ်ခုနဲ့ စေတီတစ်ဆူ ထီးတော်မြေခခဲ့တယ်လို့ အဲ့ဒီစာရင်းတွေမှာဖော်ပြပါတယ်။
ရေဘေးကြုံနေရတဲ့ဖောင်းပြင်မြို့နယ်လိုပဲ မြန်မာနိုင်ငံရဲ့အရှေ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ ပဲခူး၊ ကရင်၊ မွန် နဲ့ တနင်္သာရီတိုင်းဒေသကြီး အတွင်းက မြို့နယ် ၁၆ ခုမှာလည်း ဒေသခံငါးသောင်းဝန်းကျင်ဟာ ရေဘေးဒဏ်ကြုံတွေ့နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကဩဂုတ် ၁၆ ကထုတ်ပြန်ထားပါတယ်။
#Dailynews

