မိုးကုတ် – ၂၀၂၂ မတ် ၂၆ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီကနေ့ အာဏာသိမ်းစစ်တပ်တွေက အပူတပြင်း ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေကိုပြုလုပ်နေတယ်လို့မြို့ခံတွေကဆိုပါတယ်။
ဒီကနေ့မနက်ပိုင်းက မိုးကုတ်မြို့ ငါးရံ့အင်းတပ်စခန်းကနေ တပ်သား ငါးဦး ထွက်ပြေးသွားတာကြောင့် ခုလို ရှာဖွေမှုတွေ လုပ်နေတာလို့ အမည်မဖော်လိုတဲ့သတင်းရင်းမြစ်ကဆိုပါတယ်။
“လုံခြုံရေးယူနေကျ ဝတ်စုံနဲ့ပဲ၊ လက်နက်အပြည့်အစုံလည်းပါတယ်၊ အိမ်စီးကားတစ်စိီးကလာခေါ်သွားတာ၊ ဒါကြောင့် မြို့ထဲ အရမ်းစစ်နေတာ”လို့ သတင်းရင်းမြစ်ကဆိုပါတယ်။
အာဏာသိမ်းစစ်တပ်တွေက ဒီမနက် အစောပိုင်းမှာ မြို့အဝင်အထွက်တွေကို တင်းကြပ်စွာစစ်ဆေးနေပြီး နေ့ခင်းပိုင်းမှာလဲ မြို့အထွက် ပိန်းပြစ်ရွာဘက်မှာ အရပ်ဝတ်တွေနဲ့ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
” အရင်ကမစစ်တဲ့နေရာတွေစစ်တယ်၊ မြို့အဝင်အထွက်တွေမှာမစစ်တော့တာကြာပြီ၊ ဒီနေ့မှပြန်စစ်တယ်၊ အနောက်ပိုင်းလမ်းမှာလဲစစ်တယ် “လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
စစ်ကောင်စီတပ်သား ငါးဦးက ဘယ်ကိုထွက်ပြေးသွားတယ်ဆိုတာကိုမသိရသေးဘဲ နေ့ခင်းပိုင်းကလည်း ငါးရံ့အင်းစခန်းမှာ စစ်ကားနှစ်စီးနဲ့အင်အားအပြည့် အသင့်ပြင်ထားတာကိုမြင်တွေ့ရကြောင်း ဒေသခံတွေကဆိုပါတယ်။
#Dailynew

