ရန်ကုန်-၂၀၂၃၊ ဩဂုတ် ၁၆ (မော်ကွန်း)
ရခိုင်ပြည်နယ်မှာ ဒီလဆန်းပိုင်းကမိုးအဆက်မပြတ်ရွာပြီး ရေလွှမ်းမှုကြောင့် မိုးစပါးဧကခုနှစ်သောင်းကျော်ပျက်စီးသွားခဲ့တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ဩဂုတ် ၁၄ မှာထုတ်ပြန်ပါတယ်။
ရက်ဆက်ရေကြီးမှုနဲ့ တောင်ကျရေစီးဆင်းမှုတို့ကြောင့် မိုးစပါးစိုက်ခင်းတွေရေမြုပ်ကာပျက်ကုန်ကြတာလို့ ရခိုင်ကတောင်သူတွေကပြောပါတယ်။
ရေကြီးမှုကြောင့်ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ မိုးစပါးဧက ၁၂,၀၀၀ ကျော်ပျက်စီးသွားခဲ့ပြီး ဧကအများဆုံးပျက်ဆီးခဲ့တဲ့မြို့နယ်တစ်ခုဖြစ်ပါတယ်။
“ကျွန်တော်ကဧက၂၀၀စိုက်တာ၊ တစ်လစိုက်တာလည်းရှိတယ်၊ ၁၅ရက်စိုက်တာလည်းရှိတယ်။အခုတစ်လစိုက်ထားရတဲ့မိုးစပါးဧကတစ်ရာလောက်ပျက်သွားပြီ။ အသက်တူမျိုးတွေကိုရှာပြီးစိုက်ရတော့မှာ။
နောက်ထပ်တစ်လ၊ နှစ်လလောက်အချိန်ယူရတော့မှာ”လို့ ကျောက်တောင်မြို့နယ်ကတောင်သူ ဦးတင်ထွေးကပြောပါတယ်။
မေ ၁၄ ရက်ကဝင်ရောက်ခဲ့တဲ့မိုခါမုန်တိုင်းကြောင့် ဦးတင်ထွေးရဲ့နွေစပါးဧက ၁၀၀ လောက်ပျက်စီးသွားခဲ့ပါသေးတယ်။ အခုရေကြီးမှုမှာလည်းသူ့ရဲ့လယ်ဧက ၁၀၀ ထပ်မံပျက်စီးသွားခဲ့တာပါ။
မိုးစပါးတွေပြန်စိုက်ဖို့ဆိုတာကလည်း ရာသီဥတုအခြေအနေ၊ သွင်းအားစုတွေကိုဈေးသက်သက်သာသာရဖို့နဲ့ အလှူရှင်တွေရဲ့အကူအညီတွေလည်းအများကြီးလိုအပ်တယ်လို့သူကပြောပါတယ်။
မင်းပြားမြို့နယ်ကတောင်သူတစ်ဦးကလည်း “ဒီနှစ်တော့သီးထွက်နှုန်းလျော့နိုင်တယ်။ သွင်းအာစုနဲ့ရာသီဥတုအခြေအနေပေါ်လည်း မူတည်တယ်။ အခုကအချိန်နောက်ကျသွားတော့ အထွက်နှုန်းကောင်းအောင် သွင်းအားစုများများထည့်ရမှာ။ သွင်းအားစုလည်းမထည့်နိုင်ဘူး၊ ရာသီဥတုလည်းမကောင်ဘူးဆိုရင်တော့ အထွက်နှုန်းတော်တော်ကိုကျသွားမှာ”လို့ပြောပါတယ်။
ရခိုင်ပြည်နယ်မှာနွေစပါးကိုစိုက်ဧက ၁,၀၀၀ ခန့်သာ စိုက်ပျိုးလေ့ရှိပြီး မိုးစပါးကိုတော့ဧကသိန်းနဲ့ချီကာ အဓိကထားစိုက်ပျိုးကြပါတယ်။
ရခိုင်ပြည်နယ်တစ်ခုလုံးမှာမိုးစပါးစိုက်ဧကပေါင်း ၁၀ သိန်းကျော်ရှိပြီး ပြီးခဲ့တဲ့နှစ်ကလည်း ဧကကိုးသိန်းခန့်စိုက်ပျိုးခဲ့ပေမယ့်ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ဧကတစ်သိန်းခန့်ပျက်စီးခဲ့ရတယ်လို့ ရခိုင်ပြည်နယ်တောင်သူလယ်သမားသမဂ္ဂအသင်းထံမှသိရပါတယ်။
လေဘေးနဲ့ရေဘေးဒဏ်ကို ထပ်ဆင့်ကြုံခဲ့ရတဲ့ရခိုင်ပြည်နယ်ကတောင်သူတွေကတော့ စပါးစိုက်ဖို့ကိုစိုးရိမ်နေကြပြီလို့ ပြောကြပါတယ်။
ပုံစာ- ဩဂုတ် ၈ ရက်၊ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာရေကြီးမှုမြင်ကွင်း။
ဓါတ်ပုံ- Cyclone MOCHA ERRCA
#Dailynews

