တာမခန် – ၂၀၂၄ မတ် ၁၉ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်မီးရှို့သွားတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က တာမခန်ကျေးရွာရဲ့ လက်ရှိမြင်ကွင်းတွေဖြစ်ပါတယ်။
၂၀၂၄ ဖေဖော်ဝါရီ လကုန်ပိုင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
တာမခန်အနားက ခ.မ.ရ ၁၁၉ နဲ့ တာမခန်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီီး ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ အာဏာသိမ်းစစ်တပ်ဘက်က ရွာကိုမီးရှို့ခဲ့တာဖြစ်ကြောင်း တာမခန်ရွာသားတစ်ဦးကပြောပါတယ်။
တိုက်ခိုက်နေချိန်မှာ တာမခန်ရွာကို “စစ်စခန်း မသိမ်းနိုင်ခင် ဒလန်တွေ ဝင်ရှို့ပြီး နေရာယူထားကြတာ”လို့ ဒေသခံကပြောပါတယ်။
အဲဒီကာလမှာပဲ တာမခန်ရွာသား ငါးယောက်လောက်ကို အာဏာသိမ်းစစ်တပ်က သတ်ဖြတ်သွားသေးတယ်လို့ ဒေသခံဆီကသိရပါတယ်။
မီးထဲပါသွားတဲ့ အိမ်စာရင်းကို အတိအကျမကောက်နိုင်ပေမယ့် တာမခန်တစ်ရွာလုံးနီးပါး ပြာကျသွားပြီး အိမ်ခြေ ၄၀၀ ဝန်းကျင်လောက်ရှိမယ်လို့ ဒေသခံကခန့်မှန်းပါတယ်။
“အရမ်းစည်ကားတဲ့ ကျောက်ဝိုင်း၊ မိန်းလမ်းမကြီး၊ စာသင်ကျောင်းလမ်း၊ ဘုန်းကြီးကျောင်းလမ်းတွေ အားလုံးပဲ”လို့ ဒေသခံကပြောပါတယ်။
ဒေသခံတွေဟာ စစ်ရှောင်စခန်းရယ်လို့ သီးသန့်မရှိဘဲ နီးစပ်ရာ ဆွေမျိုးသားချင်းရှိတဲ့အရပ်ဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
၂၀၂၃ နှစ်ကုန်ထိ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ရှို့ထားတဲ့ အရပ်သားနေအိမ်ဟာ ၇၉,၀၀၀ နီးပါးရှိတယ်လို့ Data for Myanmar က အခုနှစ် ဇန်နဝါရီလထဲမှာ ထုတ်ပြန်ထားပါတယ်။
ပုံစာ – ပြာကျသွားတဲ့ တာမခန်ရွာမြင်ကွင်းများ
ဓါတ်ပုံ – CJ

