ယင်းမာပင် – ၂၀၂၃ ဩဂုတ် ၁၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ဆားလင်းကြီးမြို့နယ်ကို ပိုင်းခြားထားတဲ့ မြောက်ယမာချောင်းထဲမှာ အရပ်သားသုံးဦးရဲ့အလောင်းကို ဒီကနေ့နံနက်စောစော တွေ့ရှိရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
သေဆုံးသူတွေဟာ အခုလ ၁၄ ရက်က ဆားလင်းကြီးနယ်မှာရှိတဲ့ တရုတ်ကြေးနီစီမံကိန်းရဲ့ ဆလာဖာနဲ့ရိက္ခာတွေသယ်ယူဖို့ လုံခြုံရေးယူပေးတဲ့ အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်း ယင်းမာပင်နယ်ထဲကို စစ်ကြောင်းထိုးရင်း ဖမ်းဆီးသွားတဲ့အရပ်သားတွေဖြစ်တယ်လို့ ဒေသခံဆီကသိရပါတယ်။
အသတ်ခံရသူတွေဟာ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ရွာက ဦးသိန်းဝေ(၄၄နှစ်)၊ ကိုဇော်မျိုးအောင်(၂၁နှစ်)နဲ့ ဦးကျော်ဉာဏ်(၄၇နှစ်)တို့ဖြစ်ပြီး နဖူးမှာ သေနတ်ဒဏ်ရာ၊ လည်းပင်းဓါးထိုးသွင်းဒဏ်ရာနဲ့ နံရိုးဓါးထိုးသွင်းဒဏ်ရာတွေ တွေ့ရှိရတယ်လို့ အလောင်းဆယ်ယူသူတွေဆီကသိရပါတယ်။
လည်ငေါက်ရွာက အဖမ်းခံခဲ့ရသူဟာ သေဆုံးသူများအပါအဝင် လေးဦးရှိပြီး ကံကုန်းရွာကလည်း သုံးဦးအဖမ်းခံထားရသေးပါတယ်။
ဖမ်းဆီးခံရသူတွေကို အာဏာသိမ်းစစ်တပ်ဟာ ကြေးစင်တောင်စီမံကိန်းကနေ လက်ပံတောင်းတောင်ကို ခေါ်ဆောင်သွားတယ်လို့ ဒေသတော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Regional Friend Frighters ဆီကသိရပါတယ်။
“ခုတိုင်းဆို ကံကုန်းကျေးရွာကသုံးယောက်ရယ် လည်ငေါက်က ကျန်တဲ့တစ်ယောက်ရယ် ကျန်သေးတယ်။ သတ်ခဲ့တာလား ဖမ်းခေါ်သွားတာလား အတည်မပြုနိုင်သေးဘူး၊ ရေထဲက ပုပ်မှပေါ်တာ ထပ်တွေ့ချင်လည်းတွေ့နိုင်တယ်၊ လောလောဆယ်တော့မတွေ့သေးဘူး”လို့ Regional Friend Frighters အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဘိုကင်းကပြောပါတယ်။
ဒီတခေါက် စစ်ကြောင်းထိုးမှုမှာ စစ်သားတွေဟာ ရွာတွေထဲဝင်ပြီး ချက်ပြုတ်စားသောက်တာတွေရှိသလို လက်နက်ကြီးတွေနဲ့ ပစ်လို့ အသက်ကိုးနှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ဒဏ်ရာရတဲ့အရပ်သားတွေလည်းရှိခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ တရုတ်ဖက်စပ်ကြေးနီစီမံကိန်းတွေကို လုံခြုံရေးယူပေးထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ စီမံကိန်းတဝိုက်က ကျေးရွာတွေကို မကြာခဏစစ်ကြောင်းထိုးပြီး ဖမ်းဆီးသတ်ဖြတ်တာတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေကျဖြစ်ပါတယ်။
ပုံစာ – ဒီကနေ့ တွေ့ရှိရတဲ့ ယင်းမာပင်၊ လည်ငေါက်ရွာက အရပ်သားသုံးဦးအလောင်းများ။
ဓါတ်ပုံ – Mawkun Magazine
#Dailynews

