သဇင်လတ်
ရန်ကုန်-၂၀၂၀ အောက်တိုဘာ ၂၇ (မော်ကွန်း)
မဲရုံအဖြစ်လျာထားခဲ့တဲ့ စာသင်ကျောင်းတွေ COVID-19 Quarantine စင်တာတွေဖြစ်သွားတဲ့အတွက် ယာယီမဲရုံ ၄၀၀ ကျော် အစားထိုး ဆောက်လုပ်သွားမယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကျော်မျိုးကြူက မော်ကွန်းကို ပြောတယ်။
“ ဆောက်တဲ့အခါမှာ ဆောက်တာ၊ လုပ်တာ၊ ဘတ်ဂျက်တွေ၊ ဘာတွေတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့က အုပ်ချုပ်ရေးမှူးအဖွဲ့ပေါ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဆောင်ရွက်ပေးမှာဖြစ်တယ်” လို့ ဦးကျော်မျိုးကြူ က ပြောတယ်။
ယာယီမဲရုံတွေ တည်ဆောက်ထားမှု အခြေအနေကို နိုဝင်ဘာ ၅ ရက် ထက်နောက်မကျဘဲ တိုင်းကော်မရှင်ကိုတင်ပြဖို့ ညွှန်ကြားထားပြီး မဲရုံတွေအားလုံးကို ကျန်းမာ ရေးကန့်သတ်ချက်တွေနဲ့အညီ မဲပေးနိုင်ဖို့ ပြင်ဆင်သွားမယ်လို့ သူကပြောပါတယ်။
တိုင်းဒေသကြီးတစ်ခုလုံးက မဲပေးခွင့်ရှိသူပေါင်း ၅၆ သိန်းကျော်အတွက် မဲရုံပေါင်း ၅,၇၀၀ ကျော်လျာထားပြီး Quarantine စင်တာ မလုပ်တဲ့ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ မဲရုံတွေကို တည်ဆောက်မယ်လို့ သူက ပြောပါတယ်။
နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်း ဒေသကြီးက မဲဆန္ဒနယ်တွေမှာ ကိုယ်စားလှယ်လောင်းလောင်း ၉၅၀ ကျော် ဝင်ရောက် ရွေးကောက်ခံကြမှာ ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက် တွေအရ ရန်ကုန်တိုင်းဒေသကြီးမှာ COVID-19 ရောဂါ ကူးစက်ခံရသူ အများဆုံး ရှိနေတာဖြစ်ပါတယ်။ အတည်ပြုလူနာသုံးသောင်းကျော် ရှိပြီး Quarantine စင်တာတွေနဲ့ ဆေးရုံတွေမှာ အသွားအလာကန့်သတ်ထားရှိသူ စုစုပေါင်းဟာလည်း တစ်သောင်း သုံးထောင် နီးပါး ရှိနေပါတယ်။
ပုစွန်တောင်မြို့နယ် အ.ထ.က (၁)တွင်ဖွင့်လှစ်ထားသော Community Based Quarantine Center
ဓာတ်ပုံ – ဂေထော
#Dailynews

