ရန်ကုန် – ၂၀၂၅ ဧပြီ ၁၁ (မော်ကွန်း)
ကယန်းအမျိုးသားနေ့ ကျင်းပတဲ့အခမ်းအနားကို ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီဟာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်တာဖြစ်တယ်လို့ ကယန်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကယန်းပြည်သစ်ပါတီက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
မနေ့ကညပိုင်းမှာ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်က သိကျိတ်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။
၎င်းကျေးရွာဟာ ကယန်းပြည်သစ်ပါတီ (KNLP) ရဲ့ ဗဟိုစည်းဧရိယာဖြစ်ပြီး အခုလိုဗုံးကြဲတာဟာ ပြီးခဲ့တဲ့ နဝတ စစ်အစိုးရလက်ထက်က KNLP နဲ့ အပစ်အခတ်ရပ်စဲထားတဲ့ သဘောတူညီချက်ကို ချိုးဖောက်တာလို့ ထုတ်ပြန်လာတာပါ။
ဒါ့အပြင် ၎င်းဗုံးကြဲတိုက်ခိုက်တဲ့ နေရာဟာ ကယန်းအမျိုးသားနေ့ ငွေရတုအခမ်းအနား ကျင်းပရာနေရာဖြစ်ပြီး ဒီအခမ်းအနားပြုလုပ်နေတဲ့ လူနေအိမ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲစဉ်က သဘောတူညီချက်များကို အတိအလင်းချိုးဖောက်သည့်အပြင် စစ်ကောင်စီကိုယ်တိုင် ကြေညာချက်ထုတ်ပြန်ထားသည့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ချက်ကို မိမိကိုယ်တိုင် ချိုးဖောက်ကျူးလွန်သည့်အတွက် ကယန်းပြည်သစ်ပါတီက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်” လို့ KNLP ရဲ့ ၎င်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကယန်းပြည်သစ်ပါတီဟာ ၁၉၆၄ ဦးနေဝင်း အစိုးရလက်ထက်တည်းက ဖွဲ့စည်းခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး ပါတီရဲ့ လက်အောက်မှာ ကယန်းပြည်သစ်တပ်မတော် (KNLA) ကိုလည်း ဖွဲ့စည်းထားတာပါ။
၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းချိန်မှာတော့ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်တယ်လို့ ကယန်းပြည်သစ်ပါတီက ထုတ်ပြန်ခဲ့ပါတယ်။
၎င်းတပ်အခြေစိုက်ရာ ဖယ်ခုံမြို့နယ်အတွင်းနဲ့ ကရင်နီ-ထိုင်းနယ်စပ်ဒေသတွေမှာ ဒေသကာကွယ်ရေးတပ်အသစ်တွေ ပေါ်ပေါက်လာပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပေမယ့် KNLP ကတော့ တရားဝင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းမရှိသေးပါဘူး။
ကယန်းပြည်သစ်ပါတီဟာ စစ်ကောင်စီကို တရားဝင်တော်လှန်တိုက်ခိုက်တယ်လို့ ထုတ်ပြန်ထားတာမရှိပေမယ့် ကရင်နီဒေသမှာ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပါဝင်တာရှိတယ်လို့ ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
“အခုထိ အပစ်အခတ်ရပ်စဲရေး ခေါင်းစဉ်အောက်ကနေ တော်လှန်ရေးတပ်တွေ၊ လူငယ်တွေကို ကူညီနေတာရှိပါတယ်။ စစ်ဘေးရှောင်တွေ ကူညီတာလည်းရှိတယ်၊ နယ်စပ်ကိစ္စတွေလည်း သူတို့ကကူညီတာရှိတယ်” လို့ ကရင်နီဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလပိုင်းမှာ စစ်ကောင်စီက ဖယ်ခုံမြို့နယ် ကရင်နီနယ်စပ်က ဘန်ကောက်စစ်ဘေးရှောင်စခန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးသူငယ်တွေအပြင် စစ်ဘေးရှောင်ကိုးဦး သေဆုံးခဲ့တုန်းကလည်း ကယန်းပြည်သစ်ပါတီက ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါသေးတယ်။
ပုံစာ – စစ်ရေးပြအခမ်းအနားတစ်ခုမှာ မြင်တွေ့ရတဲ့ ကယန်းပြည်သစ်ပါတီ တပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – KNLP

