မိုးအဆက်မပြတ်ရွာတာကြောင့် ရခိုင်ပြည်နယ်ကစစ်ရှောင်စခန်းတွေ စားဝတ်နေရေးအခက်တွေ့နေ

မိုးအဆက်မပြတ်ရွာတာကြောင့် ရခိုင်ပြည်နယ်ကစစ်ရှောင်စခန်းတွေ စားဝတ်နေရေးအခက်တွေ့နေ

ရန်ကုန်-၂၀၂၃၊ ဩဂုတ် ၉ (မော်ကွန်း)

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်စစ်ရှောင်စခန်းတွေက စစ်ရှောင်ပြည်သူတွေဟာ မိုခါမုန်တိုင်းဒဏ်အပြင်ရေဘေးပါထပ်ကြုံနေရလို့ စားဝတ်နေရေးအခက်ကြုံနေရတယ်လို့စခန်းတာဝန်ခံတွေကပြောပါတယ်။

“ကျွန်တော်တို့ကဘယ်လိုဖြစ်လဲဆို မိုခါမုန်တိုင်းတောင်မကြာသေးဘူး အခုရေဘေးပါထပ်ကြုံတော့ပိုဆိုးကုန်တာပေါ့။ အစကတည်းကကျွန်တော်တို့စခန်းမှာစားစရာမရှိလို့မြစ်ချောင်းတွေမှာရှာနေရတာ။ အခုလည်းရေကတံခါးအပေါက်လောက်ရောက်နေပြီ။ ဒီထက်ရေတက်လာရင်တော့ကျွန်တော်တို့လည်းရွှေ့ပြောင်းရတော့မှာ” လို့ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ရှောင်စခန်းတာဝန်ခံဦးကျော်တင်ကပြောပါတယ်။

မိုးဇလကစိုးရိမ်ရေအမှတ်ကျော်လွန်နေပြီလို့ထုတ်ပြန်ထားတဲ့ လေးမြို့မြစ်ဖြတ်သန်းစီးဆင်းတဲ့မြောက်ဦးမြို့နယ်က တိမ်ညိုစစ်ရှောင်စခန်းဟာမိုခါမုန်တိုင်းကြောင့် ရာခိုင်နှုန်းပြည့်နီးပါးပျက်စီးသွားခဲ့တာပါ။ ဒါ့အပြင်မိုးရာသီလည်းဖြစ်တာကြောင့် အဲဒီစခန်းမှာပြီးတဲ့လပိုင်းတွေအတွင်းမှာသွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူတစ်ရာနီးပါးရှိခဲ့တယ်လို့သူကပြောပါတယ်။

ကျောက်တော်မြို့နယ်ကိုဖြတ်သန်းစီးဆင်းတဲ့ကုလားတန်မြစ်ဟာလည်း စိုးရိမ်ရေအမှတ်ကိုရောက်ရှိနေပြီလို့ထုတ်ပြန်ထားပါတယ်။

ကျောက်တော်မြို့နယ်နဲ့ချင်းပြည်နယ်ပလပ်ဝမြို့နယ်အကြားက ညောင်ချောင်းစစ်ရှောင်စခန်းမှာကုလားတန်မြစ်ရေတက်လာမှုကြောင့် အဲဒီစစ်ရှောင်စခန်းမှာ ရေအမြင့် ၁၀ ပေအထိတက်နေတယ်လို့ စခန်းတာဝန်ခံကိုနေအောင်ကပြောပါတယ်။

ရေကြီးမှုကြောင့် မြေနိမ့်ပိုင်းမှာရှိတဲ့အဲဒီစခန်းကစစ်ရှောင်ပြည်သူတွေဟာ ကုန်းမြေမြင့်ပိုင်းကဘုန်းကြီးချောင်းတွေကိုရွှေ့ပြောင်းထားရပြီး စားဝတ်နေရေးအခက်ကြုံနေရတယ်လို့ ညောင်ချောင်းစခန်းတာ ဝန်ခံကိုနေအောင်ကပြောပါတယ်။

“စားဝတ်နေရေးကအဓိကအခက်အခဲဖြစ်နေတယ်။ ကျွန်တော်တို့စစ်ရှောင်ပြည်သူတွေကတောတောင်မှာပဲမှီခိုနေရတာ။ ရေကလည်းကြီး၊ တောင်ကျရေတွေကလည်းများနေတာကြောင့်မသွားဖြစ်ဘူးပေါ့။ အဲ့တော့စားဝတ်နေ ရေးကလည်းအခက်ခဲဖြစ်နေတယ်။” လို့ ၎င်းကပြောပါတယ်။

အဲဒီစခန်းမှာအိမ်ထောင်စု ခြောက်ရာကျော်နဲ့ လူဦးရေသုံးထောင်နီးပါးနေထိုင်ကြကာအများစုဟာ ကျောက်တောင်မြို့နယ်နဲ့ပလပ်ဝမြို့နယ်တွေကဒေသခံတွေဖြစ်ပါတယ်။

၂၀၂၀ ကတည်းက တစ်အိမ်ထောင်စုကို တစ်လ သုံးသောင်းကျပ်နီးပါး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ကပေးတာရှိပေမယ့် စားဝတ်နေရေးအတွက်မလုံလောက်ဘူးလို့ဒေသခံတွေကပြောပါတယ်။

ကျောက်တော်မြို့နယ်အပါအဝင်လက်ရှိရခိုင်ပြည်နယ်မြောက်ပိုင်းက မြောက်ဦး၊ နဲ့မင်းပြားမြို့နယ်တွေက ကျေးရွာတစ်ရာကျော်ဟာ ရေကြီးမှုဒဏ်ကြုံနေရတယ်လို့ ဒေသအခြေစိုက်မီဒီယာတွေကဖော်ပြကြပါတယ်။

မိုခါမုန်တိုင်းအပြင်ရေဘေးပါကြုံနေရတဲ့ရခိုင်ပြည်နယ်ကိုစစ်ကောင်စီကခရီးသွားလာခွင့်ပိတ်ပင်ထားဆဲဖြစ်တာကြောင့်ဒေသခံတွေကြုံနေရတဲ့ စားဝတ်နေရေးဒုက္ခကိုပိုပြီးဆိုးရွားစေတယ်လို့ဒေသအခြေစိုက်အရပ်ဖက်အဖွဲ့အစည်းတွေကထောက်ပြကြပါတယ်။

ပုံစာ-ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်စခန်းတွင်ရေကြီးနေသည့်မြင်ကွင်း။
Photo – Nay Aung


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."