ရေဦး – ၂၀၂၁ ဒီဇင်ဘာ ၃၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အင်တောကျေးရွာကို မနေ့ညပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်လာချိန် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံက ပြောပါတယ်။
ဝင်ရောက်လာတဲ့အထဲ ပျူစောထီးတွေလည်း ပါဝင်ပြီး သုံးဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူတွေ ရှိကြောင်း ဒေသခံက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကအသိပေးထားပါတယ်။
ထိခိုက်သွားတဲ့ စစ်ကောင်စီတပ်သားတွေကို အင်တောကျေးရွာ စာသင်ကျောင်းအတွင်း သယ်သွားတယ်လို့ မျက်မြင်တွေ့သူတွေက ဆိုပါတယ်။
မနေ့ကမနက်ပိုင်းကလည်း တန့်ဆည်မြို့နယ် ကံထူးမရွာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဆိုင်ကယ်ရှစ်စီးနဲ့ မြို့တွင်း လှည့်ပတ် သွားလာနေချိန် MDF-Taze (Tiger) အဖွဲ့ရဲ့ မိုင်းဆွဲ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးကာ ခြောက်ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
#Dailynews

