ရှမ်းမြောက်စစ်မြားဦး လားရှိုးကိုဦးတည်နေဟုသုံးသပ်

ရှမ်းမြောက်စစ်မြားဦး လားရှိုးကိုဦးတည်နေဟုသုံးသပ်

ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၈ (မော်ကွန်း)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ သိန္နီမြို့နယ်တွေက စစ်ကောင်စီ တပ်ရင်းနှစ်ခုကို TNLA က သိမ်းပိုက်လိုက်ပြီးနောက်မှာ မြောက်ပိုင်းညီနောင်တပ်တွေရဲ့ စစ်မြားဦးကအရှေ့မြောက်တိုင်းစစ်ဌာချုပ်ရှိရာ လားရှိုးမြို့ကို ဦးတည်လာနေတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

မနေ့က ညပိုင်းက ကွတ်ခိုင်မြို့နယ်က စစ်တပ်ဗျူဟာကုန်းနဲ့ သိန္နီမြို့က စကခ ၁၆ ဌာနချုပ်တို့ကို TNLA နဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းတွေကို ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ တပ်စခန်းနှစ်ခုကို သိမ်းလိုက်ပြီးနောက် ကွတ်ခိုင်နဲ့ သိန္နီမြို့နယ်နှစ်ခုလုံးကို TNLA က အပြည့်အဝ ထိန်းချုပ်ထားနိုင်လိုက်တာပါ။

လက်ရှိမှာ ညီနောင်မဟာမိတ်တပ်တွေဟာ သိန္နီနဲ့ ကွတ်ခိုင်ကို သိမ်းထားပြီး အရှေ့မြောက်တိုင်း စစ်ဌာချုပ် အခြေစိုက်တဲ့ လားရှိုးမြို့ကို ဝန်းရံပိတ်ဆို့ထားတယ်လို့ နိုင်ငံရေးစစ်ရေး လေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“လားရှိုးကျသွားရင်တော့ ရှမ်းမြောက်က လွတ်မြောက်ပြီပေါ့ဗျာ။ ရှမ်းမြောက်လွတ်မြောက်တာနဲ့ နွေဦးတော်လှန်ရေးရဲ့ တစ်ပြည်လုံးစစ်ဆင်ရေးရဲ့ သုံးပုံတစ်ပုံ အောင်မြင်တယ်လို့ ယူဆရပါတယ်။ ဒီလှုပ်ရှားမှုက တစ်ဖက်က ပြောရရင် နွေဦးတော်လှန်ရေး အောင်ပွဲကို အာမခံချက်ပေးမယ့် ပထမခြေလှမ်းလို့ ပြောလို့ရတာပေါ့” လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ရှမ်းမြောက်ဒေသမှာ အရေးပါတဲ့ တပ်စခန်းကြီးတွေဖြစ်တဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၊ အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (သိန္နီ) ၊ ကွတ်ခိုင် အခြေချစစ်ဗျူစခန်း၊ ကွမ်းလုံ အခြေချစစ်ဗျူဟာ စခန်းတွေကို လက်လွှတ်လိုက်ရပါတယ်။

အလားတူပဲ ရှမ်းမြောက်ဒေသမှာ ခြေလျင်တပ်ရင်း (ခလရ) ၁၅ ရင်း၊ ခြေမြန်တပ်ရင်း (ခမရ) ခြောက်ရင်း၊ အမြှောက်တပ်ရင်း (အမတ) သုံးရင်းအပါအဝင် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (စအရ)၊ ထောက်ပို့တပ်ရင်းတွေ၊ ဆက်သွယ်ရေးတပ်ရင်းတွေနဲ့ နယ်ခြားစောင့်တပ်ရင်းတွေအပါအဝင် တပ်ရင်းပေါင်း ၃၀ ကျော်ကို မြောက်ပိုင်းညီနောင်တပ်တွေက ရှင်းလင်းနိုင်ခဲ့တာပါ။

ညီနောင်မဟာမိတ်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်းမှာ ရှမ်းမြောက်ဒေသတစ်ခွင်မှာ မြို့ပေါင်းစုစုပေါင်း ၁၆ မြို့အထိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ယခုလ ၅ ရက်ကလည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) က ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေဟာ MNDAA ထံကို လက်နက်ချခဲ့ပါသေးတယ်။

တပ်မိသားစုဝင်တွေရဲ့ လုံခြုံရေးအရ အခုလို လက်နက်ချခဲ့တာလို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်တွင်းမီဒီယာအချို့မှာ ပြောထားပါတယ်။

မြောက်ပိုင်းညီနောင်တပ်တွေဟာ စခန်းငယ်တွေကိုတိုက်ခိုက်ပြီး စခန်းကြီးတွေကို ဝန်းရံပိတ်ဆို့တဲ့ စစ်ဗျူဟာနဲ့ တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်တွေဟာ လက်နက်ချတဲ့ တပ်ရင်းတွေ ရှိလာတာလို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“စခန်းငယ်တွေ တဖြည်းဖြည်းတိုက်ပြီး စခန်းကြီးတွေကို ဝိုင်းပတ်ပိတ်ဆို့ပြီး တိုက်နေတာပေါ့။ သူတို့မှာ သံချပ်ကာကားတွေ၊ အမြှောက်တွေတော့ ရှိပါတယ်။ ဒါပေမယ့် ရိက္ခာလမ်းကြောင်းတွေကို ဝိုင်းပတ်ပိတ်ဆို့ထားတာဆိုတော့ လူသုံးလေးထောင်အတွက် စားစရာမရှိတော့ လက်နက်ချလာရတာပါ” လို့ ၎င်းက သုံးသပ်ပါတယ်။

လက်ရှိမှာ ကွတ်ခိုင်၊ သိန္နီ စတဲ့ မြို့နယ်တွေက စစ်ဘေးရှောင်တွေဟာ လားရှိုးမြို့ကို ထွက်ပြေးလာနေကြပြီး နီးစပ်ရာ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ စစ်ဘေးရှောင်စခန်းတွေ ဖွင့်လှစ်ထားတယ်လို့ လားရှိုးဒေသခံ တစ်ဦးက ပြောပါတယ်။

“အခုက ကျွန်တော်တို့ ဘက်ကို စစ်ဘေးရှောင်တွေ တော်တော်ဝင်လာတယ်။ မြို့ပေါ်က ပရဟိတတွေ အဖွဲ့တွေက ကူညီပေးနေတာ၊ ကွတ်ခိုင်တို့ သိန္နီတို့မှာပိတ်မိနေတဲ့ စစ်ဘေးရှောင်တွေသွားခေါ်ထုတ်ပြီး ဒီမှာကူညီနေတာရှိတယ်” လို့ အဲ့ဒီ လားရှိုးဒေသခံက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်တပ်တွေ မနှစ်က အောက်တိုဘာလ ၂၇ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လောက်ကိုင်၊ ချင်းရွှေဟော်မြို့တွေကို MNDAA က သိမ်းပိုက်နိုင်ခဲ့ပြီး ကိုးကန့်ဒေသတစ်ခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကာ TNLA အဖွဲ့ဟာလည်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက နမ့်ဆန်၊ မန်တုံတို့အပါအဝင် နမ္မတူ၊ ကွတ်ခိုင်၊ သိန္နီမြို့ တွေကိုလည်း ထိန်းချုပ်ထားပါတယ်။

ပုံစာ – စစ်ကောင်စီတပ်စခန်းက တာဝေးပစ်အမြှောက်တွေနဲ့ အောင်ပွဲခံနေတဲ့ TNLA တပ်ဖွဲ့ဝင်များ
ဓာတ်ပုံ – Mai Tea Land

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."