ရန်ကုန်-၂၀၂၃၊ ဩဂုတ် ၇ (မော်ကွန်း)
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမှာ အဓိကလမ်းပိုင်းဖြစ်ပြီး ကရင်ပြည်နယ်က ဒေါနတောင်တန်းဖြတ်ကျော်လမ်းဖြစ်တဲ့ အာရှလမ်းမကြီးပေါ်မှာ ဒီနေ့လယ်ပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ရာ လမ်းပိုင်းခါးလယ်က ပျက်ကျသွားတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေ လုံးဝရပ်တန့်သွားပါတယ်။
မြေပြိုမှုဖြစ်စဉ်ကြောင့် လူတစ်ဦးထိခိုက်ဒဏ်ရာရခဲ့သလို ကားလမ်းပိုင်းကတော့ လုံးဝအသုံးပြုလို့မရအောင် ပြိုကျပျက်စီးခဲ့တယ်လို့ အဲဒီနေရာမှာ ကူညီကယ်ဆယ်ရေး သွားလုပ်ပေးနေတဲ့ ကောကရိတ်မြို့က ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ ကြက်လျှာပုံစံမျိုး လမ်းကပျက်သွားတာ။ ပေတစ်ရာလောက်ရှိတယ်။ အခုဘယ်ကားမှ သွားမရဘူး။ ထိခိုက်ဒဏ်ရာရတဲ့သူ တစ်ဦးတော့ရှိတယ်။ လောလောဆယ်တော့ ခရီးသည်တွေက ဘေးနားတောင်ကမ်းပါးကကပ်ပြီး သွားနေကြတယ်။ ဟိုဘက်ကကားတွေပေါ် ကူးနေကြတယ် ”လို့ သူက ဒီနေ့ ၃ နာရီ ဝန်းကျင်ကပြောပါတယ်။
ကောကရိတ်နဲ့ နယ်စပ်မြို့ မြဝတီကြား အာရှလမ်းပိုင်း ကော့ကရိတ်မြို့နယ်အခြမ်းထဲက တောနော်ရေတံခွန်အနီးမှာ ယခုမြေပြိုမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ရက်သတ္တပတ်နဲ့ချီ လမ်းပိုင်းပိတ်ဆို့မှု ဖြစ်နိုင်တယ်လို့ မြဝတီမြို့က ကုန်သည်တစ်ဦးက ပြောပါ တယ်။
“ အာရှလမ်းက လုံးဝကိုပျက်သွားတာ။ ဘယ်အချိန်ပြန်ကောင်းမလဲ မပြောနိုင်သေးဘူ။ အရင်တုန်းက အသုံးပြုခဲ့ကြတဲ့ လမ်းဟောင်းဘက်မှာလည်း မြေပြိုပြီးလမ်းပိတ်နေတယ်လို့ ကြားတယ်။ မနက်ဖြန် အဲဒီလမ်းဟောင်း ပွင့်မလားလို့ ကျွန်တော်တို့ သွားကြည့်ဖို့ရှိတယ်။ ပြဿနာက တိုက်ပွဲတွေကလည်း
တောက်လျှောက်ဖြစ်နေတာ၊ ဒီမှာနေ့တိုင်းပဲ ” လို့ မြဝတီမှာနေထိုင်တဲ့ ကုန်သည်က ပြောတယ်။
လမ်းဟောင်းဆိုတာကတော့ လက်ရှိအသုံးပြုနေတဲ့ အာရှလမ်းပိုင်း မဖွင့်လှစ်မီက အသုံးပြုခဲ့တဲ့လမ်းကို ဆိုလိုတာဖြစ်ပြီး အဲဒီလမ်းပိုင်းဟာ အာရှလမ်းထက် ပိုမိုကျဉ်းမြောင်း၊ ခရီးဝေးသလို ယာဉ်တစ်စီးသာ သွားလို့ရတဲ့လမ်းပိုင်း ဖြစ်ပါတယ်။ လမ်းဟောင်းကို အသုံးပြုခဲ့ကြတဲ့ ယခင်ကာလတုန်းကဆိုရင် မြဝတီနယ်စပ်ကုန်သွယ်ရေးအတွက် ကော့ကရိတ်မြို့မှာ တစ်ရက်အိပ်ပြီးမှ မြဝတီမြို့ကို ဆက်သွားရတဲ့စနစ်နဲ့ လည်ပတ်ခဲ့ကြတာပါ။
ဒီလမ်းပိုင်းပျက်စီးမှုကြောင့် မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ဒုတိယအများဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်တဲ့ ထိုင်းနဲ့ ကုန်သွယ်ရေး ထိခိုက်လာမှာဖြစ်သလို ထိုင်းနိုင်ငံကို အဲဒီလမ်းပိုင်းကနေ အဓိက တင်ပို့နေတဲ့ ပို့ကုန်တွေဖြစ်တဲ့ ရေထွက်ပစ္စည်း နဲ့ လယ်ယာထွက်ကုန်ကဏ္ဍတွေအပေါ် ထိခိုက်လာနိုင်တယ်လို့ နယ်စပ်ကုန်သည်တချို့က ပြောပါတယ်။
ထိုင်းနဲ့ မြန်မာရဲ့ကုန်သွယ်မှုမှာ နယ်စပ်ကုန်သွယ်ရေးဟာ အဓိကကျပြီး ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ငါးဘီလီယံ ကျော်အထိ ရှိခဲ့ကာ တရုတ်နိုင်ငံထက်ကို ပိုမိုခဲ့တဲ့ ပမာဏဖြစ်ပါတယ်။
လက်ရှိ မြန်မာနဲ့ ထိုင်း ကုန်သွယ်နေတဲ့ နယ်စပ်ဂိတ်တွေကတော့ တာချီလိတ်၊ မယ်စဲ့၊ မြဝတီ၊ ထီးခီးနဲ့ ကော့သောင်း နယ်စပ်တွေမှာဖြစ်ပြီး အခု လမ်းပိုင်းလုံးဝပျက်စီးသွားတဲ့ မြဝတီလမ်းကတော့ အဓိက ကုန်သွယ်ရေး လမ်းပိုင်းလည်း ဖြစ်ပါတယ်။
အခုလို မြေပြိုမှုဖြစ် ကားလမ်းပျက်စီးတာတွေကြုံခဲ့ရတာဟာ ယခုရက်ပိုင်းတွေအတွင်း ကရင်ပြည်နယ်အတွင်းမှာ ရွာသွန်းနေတဲ့ စံချိန်တင်မိုးကြောင့် သက်ရောက်ခဲ့တာဖြစ်ပြီး လမ်းပိုင်းပျက်တာတွေအပြင် ရေလွှမ်းနစ်မြုပ်မှုတွေလည်း ဖြစ်နေပါတယ်။
ကရင်ပြည်နယ်ထဲက မြဝတီ၊ဘားအံ၊ လှိုင်းဘွဲ့မြို့တွေက လူနှစ်ထောင်ကျော်ဟာ ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရတယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကရင်ပြည်နယ်တပ်ဖွဲ့မှူးဦးမြင့်နိုင်ကပြောပြီး အဲဒီဒေသထဲကို ဖြတ်စီးနေတဲ့ သံလွင်မြစ်နဲ့ သောင်ရင်းမြစ်တို့မှာလည်း စိုးရိမ်ရေမှတ်ကို ကျော်လွန်နေတယ်လို့ မိုး/ဇလ က သတင်းထုတ်ပြန်ထားပါတယ်။
မိုးအဆက်အပြတ်ရွာသွန်းနေတာကြောင့် ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်က မြို့နယ် ရှစ်ခုမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားနေပြီး လူပေါင်း ၂၈၀,၀၀၀ ကျော် ရေဘေးဒုက္ခ တွေ့နေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) က လည်း ထုတ်ပြန်ထားပါတယ်။
ပုံစာ-မြဝတီ-ကောကရိတ်အာရှလမ်းပျက်စီးသွားတဲ့မြင်ကွင်း။
Photo-ပုလဲဖြူလူမှုကူညီရေးအဖွဲ့။
#Dailynews

