ယင်းမာပင် − ၂၀၂၃ မေ ၃၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးရင်း ဒုန်းတောရွာနေအိမ်တွေက ပစ္စည်းတွေကို ခိုးယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၂၇ ရက်ကစလို့ အာဏာသိမ်းစစ်တပ်ဟာ ဆားလင်းကြီးဒေသမှာရှိတဲ့ လက်ပံတောင်း၊ ကြေးစင်တောင်တွေက ကြေးနီစီမံကိန်းတွေရဲ့ ကြေးပြားနဲ့ရိက္ခာသယ်ယူပို့ဆောင်မှုတွေကိုအကြောင်းပြပြီး စစ်ကြောင်းထိုးခဲ့တာပါ။
ဒီလို ကြေးနီစီမံကိန်းတွေကိုအကြောင်းပြပြီး ဆားလင်းကြီးနယ်မှာ လစဉ်မကြာခဏ စစ်ကြောင်းထိုးပါတယ်။
ဒုန်းတောရွာက ပြည်သူတွေထွက်ပြေးနေချိန်မှာ အာဏာသိမ်းစစ်တပ်ရဲ့စစ်သားတွေဟာ ဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး နေအိမ်တွေကို ဖောက်ထွင်းဖျက်ဆီးကာ ခိုးယူမှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
“၂၇ … ၂၈ နှစ်ညပေါ့။ အိမ်တွေဖောက်ပြီးပစ္စည်းတွေခိုးယူသွားတာ။ ဆိုင်ကယ်၊ တီဗီနဲ့ သုံးဘီးဆိုင်ကယ်တွေခိုးယူသွားကြတယ်”လို့ ဒေသခံကပြောပါတယ်။
ဒုန်းတောရွာဟာ ကြေးစင်တောင်အနီးက ရွာတစ်ရွာဖြစ်ပြီး စစ်ကြောင်းထိုးတိုင်း နေအိမ်တွေဖောက်ထွင်းခိုးယူတာကို ခံခဲ့ရတယ်လို့ ဒေသခံကပြောပါတယ်။
၂၀၂၁ ဒီဇင်ဘာလကဆိုရင် ဒုန်းတောက အမျိုးသမီးတစ်ဦးအပါအဝင် ရွာသားတွေ စုစုပေါင်း ၁၁ ဦးဟာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးမီးရှို့သတ်ဖြတ်တာကို ခံခဲ့ရဖူးပါတယ်။
အခုလည်း နှစ်ညအိပ်တပ်စွဲသွားတဲ့အချိန်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်သားတွေပြန်ထွက်သွားတဲ့အချိန် ရွာသားတွေ ကိုယ့်ရွာကိုယ်ပြန်လာချိန်မှာတော့ နေအိမ်တွေထဲမှာ ရိုက်ဖွင့်ခံထားရတဲ့ သေတ္တာ၊ ဘီရိုတွေနဲ့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်ခွံတွေကိုပါ တွေ့ရပါတယ်။
ကြေးနီစီမံကိန်းက တရုတ်လူမျိုးတွေနဲ့ ကြေးနီကားတွေရဲ့ လုံခြုံရေးကို အကြောင်းပြကာ စစ်တပ်ဟာ အမြဲလိုလို ဆားလင်းကြီးနယ်တဝိုက်ကို စစ်ကြောင်းထိုးလေ့ရှိပြီး ထောင်ချီတဲ့ဒေသခံတွေဟာလည်း ထွက်ပြေးနေကြရပါတယ်။
ပုံစာ − ဒုန်းတောရွာမှ စစ်ကြောင်းပြန်လည်ထွက်ခွာသွားစဉ်တွေ့မြင်ရသည့်မြင်ကွင်းများ။
ဓါတ်ပုံ − Mawkun Magazine
#Dailynews

