ရန်ကုန် – ၂၀၂၃ ဩဂုတ် ၃ (မော်ကွန်း)
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိုလှောင်ထားတဲ့အရန်ဆန်တွေကို ဆန်တစ်အိတ် ခြောက်သောင်းကျပ် ထက်မပိုတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အရန်ဆန် စုစုပေါင်း အိတ်ငါးသောင်းကို ယခုသီတင်းပတ်အတွင်း ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က မနေ့ကသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ယခုလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ အရန်ဆန်ရောင်းချရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုပြုလုပ်ခဲ့ပြီး အခုလိုထုတ်ပြန်ခဲ့တာပါ။
အရန်ဆန်တွေကို သက်သာတဲ့ဈေးနှုန်းနဲ့ စက်မှုဇုန်တွေက အခြေခံအလုပ်သမားမိသားစုတွေ၊ ဌာနဆိုင်ရာ လစာနည်းဝန်ထမ်းတွေ၊ လုပ်သားပြည်သူတွေဆီကို ဆန်ကုန်စည်ဒိုင်တွေ၊ စည်ပင်သာယာ ဈေးအရောင်းဆိုင်တွေကတစ်ဆင့် ရောင်းချပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိက အရန်ဆန်အိတ်ငါးသောင်းကို ကနဦးရောင်းချတာဖြစ်ပြီး နောက်ထပ်လိုအပ်ချက်အရ ထပ်မံပြီး ထုတ်ရောင်းသွားဖို့လည်း အစီအစဉ်ရှိတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အခုက ပထမဆုံးအကြိမ်စရောင်းတာဆိုတော့ ရန်ကုန်ဈေးကွက်ကနေတစ်ဆင့် တစ်နိုင်ငံလုံးကို ဖြန့်မှာပေါ့၊ အဲ့ဒီမှာ လိုအပ်ချက်အပေါ်မူတည်ပြီး ဆက်ရောင်းသွားမယ်” လို့ သူက ပြောပါတယ်။
ဆန်စပါးအသင်းချုပ်က ထုတ်ရောင်းပေးမယ်ဆိုတဲ့ အရန်ဆန်တွေဟာ ပြင်ပမှာဈေးကွက်ပေါက်ဈေး တစ်အိတ်ကိုခုနစ်သောင်းကျော်ထိ ဈေးမြင့်တက်နေတဲ့ဆန်တွေဖြစ်တာကြောင့် ရောင်းချမယ့် ပမာဏအပေါ်မူတည်ပြီး ဆန်ဈေးအနည်းငယ် ကျဆင်းလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
“အခုသူတို့ရောင်းပေးမယ့်ဟာက အပြင်မှာခုနစ်သောင်းကျော်ပေါက်တာကို ခြောက်သောင်းအောက်နဲ့ ရောင်းပေးမယ်ဆိုတော့ သိပ်တော့မဆိုးဘူးပေါ့။ ဒါပေမယ့် ဒီတစ်ကြိမ်ထဲမဟုတ်ဘဲ ထပ်ပြီးဆက်တိုက် ထုတ်ရောင်းပေးဖို့တော့ လိုမယ်၊ မဟုတ်ရင် ရေတိုလောက်ပဲ။ ဈေးကွက်ကိုအပြောင်းအလဲတစ်ခုဖြစ်ဖို့ဆို အခုထက်ပိုများများ ထုတ်ရောင်းပေးသင့်တာပေါ့” လို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။
၂၀၂၀ က မြန်မာနိုင်ငံရဲ့ အရန်ဆန်စုဆောင်းမှုဟာ တန်ချိန်ပေါင်းငါးသောင်း (ဆန်အိတ် ၁၀ သိန်း) ထိ သိုလှောင်ခဲ့ပြီး တန်ချိန် ၂၅,၀၀၀ ကို လက်လီလက်ကားဆိုင်တွေကနေတစ်ဆင့် ပြည်သူတွေဆီ ထုတ်ရောင်းပေးခဲ့တယ်လို့ ဆန်စပါးအသင်းချုပ်ဆီက သိရပါတယ်။
ယခုလက်ရှိ စစ်ကောင်စီလက်ထက်မှာ အရန်ဆန်သိုလှောင်မှုပမာဏကို အတိအကျမသိရပေမယ့် တန်ချိန်ငါးသောင်း (အိတ် ၁၀သိန်း) ခန့်ရှိနိုင်တယ်လို့ ဆန်ကုန်သည်တွေက ခန့်မှန်းပြောပါတယ်။
“အခုကတော့ အရန်ဆန်ကထုတ်ရောင်းတာ အရင်ထက်တော့ နည်းသွားတယ်၊ အိတ်ငါးသောင်းဆိုတာ သိပ်မရှိတဲ့ ပမာဏလို့ ပြောလို့ရတယ်၊ ဈေးကွက်ထဲ လုံလောက်မှုမရှိဘူး၊ အရင် ကိုဗစ်ကာလက ထုတ်ရောင်းတာ အိတ်ပေါင်းနှစ်သိန်းကျော်တယ်၊ အရင်က ပုံမှန်သိုလှောင်တာကိုက အိတ် ၁၀ သိန်းလောက်ပေါ့၊ အခုက ခွဲပြီးရောင်းမလားမသိဘူးပေါ့၊ ဒီပမာဏက ဈေးကွက်ထဲ သိပ်မလောက်ဘူး” လို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ဆန်ဈေးနှုန်းတွေ မြင့်တက်လျက်ရှိနေပြီး ပြည်တွင်းစားသုံးနေတဲ့ ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်ကို ကျပ် ၁၃၀,၀၀၀ ၊ ၊ ကျားပျံတစ်အိတ် ကျပ် ၁၁၀,၀၀၀၊ ပေါ်ဆန်းမွှေးတစ်အိတ် ကျပ် ၉၆,၀၀၀၊ ဆင်းသွယ် တစ်အိတ် ကျပ် ၈၆,၀၀၀ နှင့် ဇီယာရှယ်တစ်အိတ် ကျပ် ၇၉,၀၀၀ ဝန်းကျင်ထိ ဈေးနှုန်းတွေမြင့်တက်နေတယ်လို့ ဘုရင့်နောင် ကုန်စည်ဒိုင်ဈေးကွက်က သိရပါတယ်။
ပုံစာ – ဧရာဝတီတိုင်းက ဆန်ဂိုထောင်တစ်ခု
ဓာတ်ပုံ -MRF
#Dailynews

