အခြေခံလုပ်အားခတိုးတောင်းတဲ့အလုပ်သမားခေါင်းဆောင်တွေကို အကြမ်းဖက်မှုပုဒ်မ၊ နိုင်ငံရေးပုဒ်မတွေနဲ့ အမှုဖွင့်ဖို့စီစဉ်နေ

အခြေခံလုပ်အားခတိုးတောင်းတဲ့အလုပ်သမားခေါင်းဆောင်တွေကို အကြမ်းဖက်မှုပုဒ်မ၊ နိုင်ငံရေးပုဒ်မတွေနဲ့ အမှုဖွင့်ဖို့စီစဉ်နေ

ရန်ကုန် – ၂၀၂၃ ဇွန် ၂၇ (မော်ကွန်း)

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က Hosheng Myanmar (ဟိုစိမ့်မြန်မာ) အထည်ချုပ်စက်ရုံမှာ အလုပ်သမားအရေးတောင်းဆိုလို့ ဖမ်းဆီးခံခဲ့ရတဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့ ပါဝင်ကူညီခဲ့သူတွေကို အကြမ်းဖက်မှုပုဒ်မတွေ၊ နိုင်ငံရေးပုဒ်မတွေနဲ့ အရေးယူဖို့စီစဉ်နေတယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

ယခုလ ၁၂ ရက်က သာဓုကန်စက်ဇုန်မှာရှိတဲ့ ဟိုစိမ့်မြန်မာ အထည်ချုပ်စက်ရုံက အလုပ်သမား ၆၀၀ ကျော်ဟာ အခြေခံလုပ်ခလစာ ၄,၈၀၀ ကျပ်ကနေ ၅,၆၀၀ ကျပ် တိုးမြှင့်သတ်မှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

အဲဒီ့နောက် ဆန္ဒပြဖို့ဦးဆောင်တဲ့အလုပ်သမားတွေကို ဆူပူအောင်လှုံ့ဆော်တယ်ဆိုကာ အလုပ်ကထုတ်ပယ်လိုက်ပြီးနောက် အလုပ်သမားအဖွဲ့အစည်းတွေ၊ သမဂ္ဂတွေက သွားရောက်ညှိနှိုင်းပေးခဲ့ပါတယ်။

အထည်ချုပ်စက်ရုံဘက်က အလုပ်သမားခေါင်းဆောင်တွေကို ယခုလ ၁၆ ရက်မှာ ရွှေပြည်သာမြို့နယ်ထွေအုပ်ရုံးမှာ ခေါ်ယူညှိနှိုင်းခဲ့ပြီး ထွေအုပ်ရုံးကအပြန်လမ်းမှာပဲ အလုပ်သားသမဂ္ဂခေါင်းဆောင်မသူသူစံအပါအဝင်ရှစ်ဦးကို စစ်ကောင်စီကဖမ်းဆီးခဲ့ပါတယ်။

အဆိုပါဖမ်းဆီးထားသူတွေကို ရွှေပြည်သာမြို့နယ်တရားရုံးမှာ မနေ့က ရုံးထုတ်ရမန်ယူခဲ့ပြီး သူတို့ကို အကြမ်းဖက်မှုပုဒ်မတွေ၊ နိုင်ငံရေးပုဒ်မတွေနဲ့ အရေးယူဖို့စီစဉ်နေတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ Action Labour Right အဖွဲ့ရဲ့ဒါရိုက်တာ ကိုသူရိန်အောင်က မော်ကွန်းကို ပြောပါတယ်။

စစ်ကောင်စီကဖမ်းဆီးသွားသူရှစ်ဦးအနက် ခုနစ်ဦးဟာ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ ပါဝင်ကူညီသူတွေဖြစ်ပြီး ကျန်တစ်ဦးကတော့ အလုပ်သမားအဖွဲ့အစည်းတွေအစည်းအဝေးလုပ်ဖို့ နေရာငှါးရမ်းခဲ့သူဖြစ်တယ်လို့ ကိုသူရိန်အောင်က ပြောပါတယ်။

“လက်ရှိတော့ ရမန်ယူတာပဲရှိသေးတယ်၊ အမှုမတပ်ရသေးဘူး။ စုစုပေါင်းရှစ်ယောက်ကို ဘယ်သူ့ကိုဘာအမှုတပ်မလည်းဆိုတာမျိုးကိုတော့ မသိရသေးဘူး။ အခုက အသိပေးတာ၊ တပ်မယ့်ပုဒ်မက အဲဒီ့ပုဒ်မတွေလို့ ရဲစခန်းကနေ အသိ​ပေးထားတာ။ လောလောဆယ်တော့ ၁၇(၁) တို့ ၅၀၅ တို့နဲ့ ဖွင့်မယ်ပြောတယ်” လို့ သူက ပြောပါတယ်။

အလုပ်သမားခေါင်းဆောင်တွေကို စစ်ကြောရေးမှာ တစ်ပတ်ကျော်ကြာစစ်ဆေးခံရပြီးမှ အခုလို အကြမ်းဖက်မှု ပုဒ်မ၊ နိုင်ငံရေးပုဒ်မတွေနဲ့ အမှုဖွင့်ဖို့ စီစဉ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) သံရုံးကလည်း ဖမ်းဆီးထားတဲ့အလုပ်သမားခေါင်းဆောင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ယခုလ၂၀ ရက်က ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုထားပါတယ်။

အဲ့ဒီကြေညာချက်မှာ ဖမ်းဆီးထားတဲ့ အလုပ်သမားခေါင်းဆောင်တွေ အမြန်ဆုံးလွတ်မြောက်ရေးအပါအဝင် လွတ်လပ်စွာသင်းပင်းဖွဲစည်းခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်တွေပေးဖို့၊ အလုပ်သမားရပိုင်ခွင့်တွေနဲ့ အခြေခံစည်းမျဉ်းတွေကို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း (ILO) ရဲ့ ကြေညာစာတမ်းနဲ့အညီ ဆောင်ရွက်ဖို့၊ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ စတဲ့တောင်းဆိုချက်တွေ ပါဝင်ပါတယ်။

ပုံစာ – ဆန္ဒပြတောင်းဆိုမှုဖြစ်ခဲ့တဲ့ ရွှေပြည်သာမြို့နယ်က ဟိုစိမ့်မြန်မာ အထည်ချုပ်စက်ရုံ
Photo: Supplied


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."