မြေပြိုမှုကြောင့် အာရှလမ်းပြတ်ကျခဲ့ပြီးနောက် ကုန်စီဆင်းမှုထိခိုက်ပြီး ကုန်ဈေးနှုန်းတွေ တက်လာနိုင်တယ်လို့ ကုန်သည်တချို့ဆို

မြေပြိုမှုကြောင့် အာရှလမ်းပြတ်ကျခဲ့ပြီးနောက် ကုန်စီဆင်းမှုထိခိုက်ပြီး ကုန်ဈေးနှုန်းတွေ တက်လာနိုင်တယ်လို့ ကုန်သည်တချို့ဆို

ရန်ကုန် – ၂၀၂၃ ဩဂုတ် ၇ (မော်ကွန်း)

မြဝတီ – ကော့ကရိတ်မြို့ကြားက အာရှလမ်းပိုင်းပြိုကျသွားတာဟာ အဲဒီလမ်းပိုင်းကနေ ထိုင်းနိုင်ငံနဲ့ ကုန်စည်စီးဆင်းမှု ကာလရှည်ပြတ်တောက်နိုင်တဲ့ အခြေအနေဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

မြဝတီ -ကော့ကရိတ်လမ်းပိုင်း၊ အာရှလမ်းမကြီးပေါ်က တောနော်ရေတံခွန်နားမှာ မိုးကြီးပြီး တောင်ကျရေစီးဆင်းတာကြောင့် ကားလမ်းဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ပေ ၁၀၀ လောက် ထက်ပိုင်းကျိုး ပြတ်ကျ သွားခဲ့တာပါ။

ဒီလို လမ်းပိုင်းပြတ်သွားတာကြောင့် လမ်းပိုင်းဟိုဘက်၊ ဒီဘက်မှာ ရာနဲ့ချီတဲ့ကုန်တင်ကား၊ အိမ်စီးကားနဲ့ ခရီးသည်တင်ကားတွေလည်း ပိတ်မိနေခဲ့ပါတယ်။

“ လမ်းမှာ ကားအစီးရာနဲ့ချီပြီး မြဝတီအတက်မှာ ပိတ်နေတာပေါ့။ အခုက ပြိုကျသွားတာ မြဝတီနဲ့ နီးတဲ့နားပေါ့။ မြဝတီဆို တစ်နာရီလောက်ပဲ မောင်းရတော့မှာ။ ပြိုသွားတာလည်း တော်တော်လေးအခြေအနေဆိုးတော့ ပြန်ပြင်ဖို့လည်း မလွယ်ဘူး။ ကားတွေ အကုန်ပြန်လှည့်ခိုင်းနေတယ်။ တက်လို့မရတော့ဘူး” လို့ မြဝတီမြို့ကနေ ပြန်လာတဲ့ ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

ပြိုကျသွားတဲ့ အာရှလမ်းမကြီးဟာ ထိုင်နိုင်ငံနဲ့ ကုန်သွယ်ရာမှာ အဓိက လမ်းပိုင်းတစ်ခုဖြစ်ပြီး အဆိုပါလမ်းကို ပြန်လည် ပြင်ဆင်ဖို့ သီတင်းပတ်နဲ့ချီကြာမြင့်နိုင်တဲ့အတွက် ကုန်စည်စီးဆင်းမှု ပြတ်တောက်နိုင်တယ်လို့ ထိုင်းကုန်ပစ္စည်းတွေ တင်သွင်းရောင်းချသူတွေက ပြောပါတယ်။

လမ်းပျက်သွားတာကြောင့် မှာယူထားတဲ့ ကုန်ပစ္စည်းတွေ မြဝတီတစ်ဘက်ခြမ်းမှာ ပိတ်မိနေပြီး ကုန်ပစ္စည်းတွေ အဝင်နောက်ကျမှာ ဖြစ်တဲ့အတွက် ဈေးလည်းအနည်းငယ်တက်လာနိုင်တယ်လို့ အလှကုန်ပစ္စည်းတွေ တင်သွင်းရောင်းချ နေသူတစ်ဦးက ပြောပါတယ်။

“ ကျွန်မတို့ Online Shop မှာ အရင်မှာထားတဲ့ ပစ္စည်းတွေက တပတ်နောက်ကျမယ်လို့ အကြောင်းကြားထားတယ်။ ဟိုဘက်ဒီဘက် ဘယ်မှ သွားမရတော့တာ။ လမ်းကြောင်းက ဒီလမ်းကိုပဲ အဓိက အားကိုးနေရတာပါ။ နဂိုထဲက တက်ချင်နေတဲ့ တန်ဆာခတွေ၊ ဈေးတွေတော့ ထပ်တက်နိုင်တာပေါ့။ ပြီးတော့ ပစ္စည်းတွေက ဟိုဘက်မှာ သောင်တင်နေရင် ဈေးကထပ်တက်မှာပေါ့” လို့ သူက ပြောပါတယ်။

ဒါ့အပြင် ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ ကာလဖြစ်တာကြောင့် လမ်းပြင်ဖို့လည်း အဆင်မပြေနိုင်သေးဘူးလို့ ထိုင်းနိုင်ငံက အဝတ်အထည်တွေ တင်သွင်းရောင်းချတဲ့ ကုန်သည်တစ်ဦးကလည်း‌ ပြောပါတယ်။

“လမ်းပြင်တာ နှစ်ပတ်လောက် ကြာသွားနိုင်တယ်။ အခုက ရေကလည်းကြီးနေတာ။ ရေမကျသေးဘူး။ မြဝတီဘက်က ပစ္စည်းသယ်တာ ဒီလမ်းကပဲ အားကိုးနေရတာ တောလမ်းတော့ရှိပေမယ့် အခုက မိုးတွင်းဆိုတော့ မလွယ်ဘူး။ ဒီအတိုင်းဆို ရင်တော့ ကုန်သွယ်မှုက ရပ်သလောက်ဖြစ်သွားပြီ” လို့ အဆိုပါ ကုန်သည်က ပြောပါတယ်။

အဆိုပါလမ်းပိုင်းဟာ အခုလိုသဘာဝဘေးအန္တရာယ်နဲ့ မကြုံခင် ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း အာဏာသိမ်းစစ်ကောင်စီနဲ့ သူ့ကို တော်လှန်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် မကြာခဏ ယာယီလမ်းပိုင်း ပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့ သေးတာပါ။

အခု ပြတ်ကျသွားတဲ့ လမ်းပိုင်းဟာ အာရှနိုင်ငံတွေကြားဆက်သွယ်ဖို့အတွက် ဖောက်လုပ်ထားတဲ့ အဓိက လမ်းပိုင်းတစ်ခု ဖြစ်ပြီး မြဝတီကနေ ကော့ကရိတ်မြို့အထိ ထိုင်းနိုင်ငံဘက်က ဖောက်လုပ်ပေးခဲ့တာဖြစ်ကာ ၂၀၁၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ကော့ကရိတ်-မြဝတီ တစ်ရက်နီးပါးသွားနေရတဲ့ လမ်းခရီးကို နာရီပိုင်းအတွင်းရောက်အောင် ထောက်ပံ့ပေးနိုင်တဲ့ လမ်းပိုင်းလည်း ဖြစ်ပါတယ်။

မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးမှာ တာချီလိတ်၊ မယ်စဲ့၊ မြဝတီ၊ ထီးခီးနဲ့ ကော့သောင်းနယ်စပ်တွေကနေ တရားဝင် ကုန်သွယ်နေကြပြီး မြဝတီက အများဆုံး ကုန်သွယ်မှု ပြုလုပ်ရာနေရာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ငါးဘီလီယံကျော်အထိ ပမာဏရှိပြီး သုံးဘီလီယံကျော်ပဲ ရှိတဲ့ တရုတ်ထက် ပိုများခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP မြန်မာက ထုတ်ပြန်ထားပါတယ်။

ပုံစာ-မြဝတီ-ကောကရိတ်အာရှလမ်းပျက်စီးသွားတဲ့မြင်ကွင်း။
Photo-ပုလဲဖြူလူမှုကူညီရေးအဖွဲ့။


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."