ရန်ကုန် – ၂၀၂၃ ဇူလိုင် ၂၆ (မော်ကွန်း)
ယခုရက်ပိုင်းမှာ ဆန်၊ ဆီ အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ အနည်းငယ်မြင့်တက်ခဲ့တယ်လို့ အခြေခံစားသောက်ကုန် လက်လီ၊ လက်ကား ရောင်းချသူတွေဆီက သိရပါတယ်။
ရွှေဘိုပေါ်ဆန်းနဲ့ ဆန်ကြမ်းလက်ကားဈေးတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်ကထက် ဈေးနှုန်းအသီးသီးမြင့်တက်ခဲ့တယ်လို့ ဆန်လက်လီ၊ လက်ကား ရောင်းချသူတစ်ဦးက ပြောပါတယ်။
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်က ဒီနေ့ထုတ်ပြန်ထားတဲ့ ဆန်လက်ကားဈေးနှုန်းတွေအရ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ယခင် ၁၀၀,၀၀၀ ကျပ်မှ ၁၁၅,၀၀၀ ကျပ်၊ ပေါ်ဆန်းတစ်အိတ်ကို ယခင် ၈၉,၀၀၀ ကျပ်မှ ၉၂,၀၀၀ ကျပ်၊ ကျားပျံရှယ် တစ်အိတ်ကို ယခင် ၉၃,၀၀၀ ကျပ်မှ ၉၇,၀၀၀ ကျပ်ထိ ဈေးနှုန်းအသီးသီးမြင့်တက်ခဲ့ပါတယ်။
“ရွှေဘိုပေါ်ဆန်းက အရင်တစ်သိန်းကနေ တစ်သိန်းနှစ်သောင်းလောက်ဖြစ်သွားတယ်၊ ဆန်ကြမ်းတွေလည်း အရင်တပတ်က ဝယ်တဲ့ဈေးထက် ၄,၀၀၀၊ ၅,၀၀၀ လောက် တက်လာတယ်၊ အားလုံး ဆန်ပျှမ်းမျှ တစ်အိတ်ကို ၅,၀၀၀ ကျော်လောက်ကို တက်သွားတယ်၊ အရင်ရောင်းတဲ့ဈေးမရတော့ဘူး၊ လက်ကားဈေးက အရင်စတက်နေတာပေါ့၊ လက်လီကတော့ သိပ်တော့ ဈေးမပြောင်းသေးဘူး၊ ထပ်တက်လာရင်တော့ တက်ရမှာပဲပေါ့” လို့ ဆန်လက်လီ၊လက်ကားရောင်းချသူတစ်ဦးက ပြောပါတယ်။
ဆန်ဈေးနှုန်းတွေအပြင် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ စားအုန်းဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး အစရှိတဲ့စားသောက်ကုန်တွေရဲ့ ဈေးနှုန်းတွေလည်း အနည်းငယ်မြင့်တက်ခဲ့တယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ယခင်တပတ်က ၁ ပိဿာ ၇,၉၀၀ ကျပ် ဝန်းကျင်ရှိနေတဲ့ စားအုန်းဆီဈေးဟာ ဒီတပတ်မှာတော့ တစ် ပိဿာကို ၉,၀၀၀ ဝန်းကျင်ထိ ရောက်ရှိလာပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ အာလူးတို့လည်း တစ်ပိဿာကို ယခင်ကထက် ၅၀၀ ကျပ် ဝန်းကျင်ခန့် ဈေးမြင့်တက်ခဲ့တယ်လို့ ကုန်ခြောက်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောပါတယ်။
“နည်းနည်းချင်းစီ စတက်နေပြီပေါ့၊ လက်ကားဈေးတွေ အရင်စတက်လာတယ်၊ အရင်တစ်ပတ်က ဝယ်ထားတဲ့ဈေးမဟုတ်တော့ဘူး၊ ကျွန်တော်တို့လည်း ဘယ်လိုရောင်းရမလဲကို မသိတော့ဘူး၊ ကုန်ဈေးနှုန်းတက်တာ ဝယ်သူရော၊ ရောင်းသူရော အဆင်မပြေဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီဗဟိုဘဏ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကျပ်နှစ်သောင်းတန်ငွေစက္ကူ ထုတ်ဝေမယ်လို့ ထုတ်ပြန်ခဲ့ပြီးနောက် ဒေါ်လာ၊ ဘတ် စတဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ မြင့်တက်ခဲ့ပြီး၊ ရွှေ၊ စက်သုံးဆီဈေးနှုန်းတွေနဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ဆက်လက်မြင့်တက်လာတာပါ။
ပုံစာ – ရန်ကုန်မြို့က ပျံကျဈေးတစ်ခု
Photo – Mawkun
#Dailynews

