ရန်ကုန် – ၂၀၂၅ မေ ၂ (မော်ကွန်း)
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ မုန်းမြို့ထဲက စစ်ကောင်စီတပ်စခန်းငါးခုကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KNU ဗဟိုက ဒီနေ့မှာထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့လ ၂၈ ရက်က မုန်းမြို့က စစ်ကောင်စီတပ်တွေ ခြေကုပ်ထားတဲ့ နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ရန်မျိုးအောင်၊ ရွာကြီးအင်းကျွန်းကုန်း(နိုကလော်) တောင်စု ကျေးရွတွေကို KNLA ပူးပေါင်းတပ်တွေ တက်ရောက်သိမ်းယူနိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၎င်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
“အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ တပ်များ ထိုနေရာများတွင်တပ်စွဲထားမှုကြောင့် ထိုနေရာတွင် ရှိသည့် ကျေးရွာများသည် မိမိပိုင်ဆိုင်မှုများကို ထားခဲ့ကာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေကြရပြီး များစွာဒုက္ခနှင့်ကြုံတွေ့ခဲ့ကြရပါသည်” လို့ ၎င်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ မုန်းမြို့နယ်နဲ့ ဆောထိမြို့နယ်တွေကို ဒရုန်း၊ ဂျက်ဖိုက်တာအပါအဝင် လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ်နားမှာရှိပြီး စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ မုန်းမြို့ ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၃) နယ်မြေတစ်ခုဖြစ်ပြီး ၂၀၂၃ နှစ်ကုန်မှာ ၎င်းမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို KNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ကာ မြို့ကို ထိန်းချုပ်ထားတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ၎င်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတာကြောင့် ဒေသခံလေးဦးထိ သေဆုံးခဲ့ပါသေးတယ်။
ပုံစာ – စစ်ကောင်စီတပ်ဆီက သိမ်းဆည်းထားတဲ့ လက်နက်ခဲယမ်းတချို့
ဓါတ်ပုံ – KNU

