ရန်ကုန် – ၂၀၂၃ ဇူလိုင် ၂၅ (မော်ကွန်း)
ရွှေဈေးမတည်မငြိမ်ဖြစ်နေပြီး ရန်ကုန်ကရွှေဆိုင်တွေ အရောင်းအဝယ်ပိတ်ထားကာ ကြိုက်ရောင်းကြိုက်ဝယ် မှောင်ခိုဈေးတွေနဲ့ အရောင်းအဝယ်ပြုလုပ်နေကြတယ်လို့ ရွှေဆိုင်တွေနဲ့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဒီနေ့မနက်ပိုင်းဈေးဖွင့်လှစ်မှုအရ ပြင်ပဈေးကွက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၆ သိန်းဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။
ကျပ်နှစ်သောင်းတန် ငွေစက္ကူရိုက်နှိပ်ထုတ်ဝေမယ့်သတင်း မထုတ်ပြန်ခင်က တစ်ကျပ်သားကို ၃၂ သိန်းဝန်းကျင်ရှိတဲ့ ရွှေဈေးဟာ ရက်ပိုင်းအတွင်း အခုလိုမြင့်တက်သွားခဲ့တာပါ။
အဲ့ဒီလို ဈေးနှုန်းမတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေကြောင့် ရန်ကုန်မြို့ကရွှေဆိုင်အများစုဟာ ရွှေအရောင်း၊ အဝယ်တွေရပ်ထားပြီး အချို့ရွှေဆိုင်တွေဟာလည်း ကြိုက်ရောင်းကြိုက်ဝယ်ဈေးနှုန်းတွေနဲ့ အရောင်းအဝယ်လုပ်နေကြတယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“အချို့ကတော့ ဆိုင်တော့အပိတ်ပြထားပြီး အထဲမှာတော့ ကြိုက်ဈေးဖွင့်ပြီး ကြိုက်ရောင်းကြိုက်ဝယ် ရောင်းတာရှိတယ်၊ ဆိုင်ကြီးတွေတော့ ဈေးမဖွင့်နိုင်လို့ အရောင်းရပ်ထားကြတယ်” လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒီနေ့လယ်ပိုင်းမှာတော့ ဈေးကွက်ဖွင့်လှစ်မှုတွေအရ အခေါက်ရွှေဈေးနှုန်း အနည်းငယ်ပြန်လည်ကျဆင်းလာတယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
“ရွှေဆိုင်တွေက အရောင်းတွေပိတ်ထားလိုက်တော့ ဈေးကနည်းနည်းချင်းတော့ ပြန်ကျလာတယ်၊ ဒီနေ့လယ်အပိတ်ဈေးက ၃၆ သိန်းကျော်လောက်မှာ ဆက်ရှိနေတယ်၊ မနေ့ကတော့ ၃၇ သိန်းကျော်ထိ ရောက်သွားတယ်၊ အခုနည်းနည်းချင်းစီတော့ ပြန်ကျနေတယ်၊ ရွှေရော ဒေါ်လာရော” လို့ သူက ပြောပါတယ်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကတော့ ငွေစက္ကူအသစ် ရိုက်နှိပ်ထုတ်ဝေမှုနဲ့ပတ်သက်လို့ ကောလာဟလတွေထုတ်လွှင့်ပြီး ကုန်ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင်ဆောင်ရွက်တာ၊ ရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်အောင် ရောင်းဝယ်တာတွေ မပြုလုပ်ဖို့ ထုတ်ပြန်ချက်တစ်စောင်ကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဒီနေ့ ထုတ်ပြန်ထားချက်အရတော့ ရွှေတစ်ကျပ်သားကို အခြေခံရည်ညွှန်းဈေးနှုန်း ကျပ် ၂၃ သိန်းကျော်သာရှိတယ်လို့ ထုတ်ပြန်ထားပေမယ့် ပြင်ပဈေးကွက်မှာတော့ ၃၆ သိန်းဝန်းကျင်ထိ ရောက်ရှိနေတာပါ။
စစ်ကောင်စီဗဟိုဘဏ်ဟာ ဒီလကုန်မှာ ကျပ်နှစ်သောင်းတန်ငွေစက္ကူအသစ် ထုတ်ဝေမယ်လို့ ယခုလ ၂၃ ရက်က ကြေညာခဲ့တာဖြစ်ပြီး အဆိုပါ ကြေညာချက်ထွက်ပေါ်လာပြီး ရက်ပိုင်းအတွင်းရွှေနဲ့ ဒေါ်လာဈေးကွက်တွေ ရိုက်ခတ်ခဲ့ပြီး ဒေါ်လာ၊ ဘတ် စတဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေနဲ့ စက်သုံးဆီဈေးနှုန်းတွေလည်း မြင့်တက်ခဲ့ပါတယ်။
ပုံစာ- ရန်ကုန်မြို့က ရွှေဆိုင်တချို့ကို ယနေ့ နေ့လယ်ပိုင်းက တွေ့ရစဉ်
ဓါတ်ပုံ- ဘုံဘေ
#Dailynews