စစ်ကိုင်းတိုင်း – ၂၀၂၃ ဧပြီ ၁၄ (မော်ကွန်း)
ဧပြီ ၁၁ ရက်က အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာက အရပ်သားပြည်သူတွေအတွက် ယင်းမားပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်က ကူညီထောက်ပံ့ဖို့ ဒီကနေ့သပိတ်မှာ အလှူခံခဲ့ကြတယ်လို့ သပိတ်ကော်မတီဆီကသိရပါတယ်။
“မနေ့ကစပြီး အလှူခံနေတာ၊ အညာဆိုတော့ တတ်နိုင်သလောက်လေးတွေဆိုတော့ သိပ်တော့မရဘူးပေါ့”လို့ သပိတ်ကော်မတီဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
သင်္ကြန်ကာလကျော်တဲ့အခါ ထောက်ပံ့ငွေတွေကို သပိတ်ကော်မတီက ပဇီကြီးကို သွားရောက်ပေးအပ်မယ်လို့ သူကပြောပါတယ်။
ပဇီကြီးရွာ လေကြောင်းတိုက်ခံရမှုကြောင့် နောက်ဆုံးသတင်းတွေအရ ၁၇၀ ကျော်သေဆုံးမှုရှိထားပြီး အဲဒီအထဲမှာ ကလေးသူငယ်နဲ့အမျိုးသမီးတွေလည်းပါဝင်နေပါတယ်။
ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့မှာ ၇၆၄ ရက်မြောက်ရှိလာပြီး မြို့နယ်အတွင်းက သပိတ်အင်အားစုတွေနဲ့ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒီကနေ့မှာ ရွာပေါင်းစုံသပိတ်၊ ရွှေရေကြည်သပိတ်နဲ့ ကယ်တင်ရှင်မရှာ တို့ကျေးရွာသပိတ်တွေက သံချပ်အဖွဲ့တွေ ပါဝင်ပြီး သံချပ်ထိုးကြတာ ယင်းမာပင်မြောက်ခြမ်းသပိတ်အင်အားစုလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ယင်းမားပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်
#Dailynews

