ရန်ကုန်-၂၀၂၃ ဇူလိုင် ၁၄ (မော်ကွန်း)
မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ အခုနှစ် ဇူလိုင် ၁၃ ရက်(မနေ့က)အထိ ပြည်သူသုံးရာကျော်ကိုသတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။
စစ်ကောင်စီတပ်တွေဟာ နှစ်နှစ်ကျော်ကာလအတွင်း မကွေးတိုင်းက အမျိုးသမီး ၅၅ ဦးနဲ့ အမျိုးသား ၂၅၀ ဦး စုစုပေါင်း ၃၀၅ ဦးကို သတ်ဖြတ်ခဲ့တာပါ။
သတ်ခံရသူတွေထဲက ၁၁၂ ဦးဟာ ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့ပြီး ၉၉ ဦးဟာ ဖမ်းဆီးထိန်းသိမ်းခံရစဉ် သတ်ဖြတ်ခံခဲ့ရတာလို့ AAPP ကဆိုထားပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ကျော်ကာလအတွင်း မကွေးတိုင်းမှာ အမျိုးသမီး ၂၆၉ ဦးနဲ့ အမျိုးသား ၁,၃၃၄ ဦး စုစုပေါင်း ၁,၆၀၃ ဦး ဖမ်းဆီးခံရကာ အဲဒီထဲက ၁,၄၃၀ ဦးဟာ လက်ရှိအချိန်ထိ ထိန်းသိမ်းခံထားရပါတယ်။
အဲဒီထိန်းသိမ်းခံထားရတဲ့ထဲက ၂၃၀ ဦးဟာ မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်အသီးသီးချမှတ်ခံထားရတယ်လို့ AAPPရဲ့ စာရင်းတွေအရ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ခုခံတော်လှန်ရေးအားကောင်းတဲ့ဒေသတစ်ခုဖြစ်တဲ့ မကွေးတိုင်းအတွင်းမှာ စစ်ဆေးရေးဂိတ်တွေ အများအပြားထားကာ ဒေသခံတွေကိုဖမ်းဆီးတာ၊ ငွေညှစ်တာမျိုးတွေ မကြာခဏလုပ်ဆောင်နေတယ်လို့ မင်းဘူးဒေသခံတစ်ဦးက ပြောပါတယ်။
“ပခုက္ကူဘက်ကို အလုပ်ကိစ္စနဲ့ သွားတာ၊ လမ်းမှာ စစ်တပ်ဂိတ်တွေမှ အများကြီးပဲ။ ဂိတ်တိုင်းလိုလိုကားသမားက ပိုက်ဆံပေးရတယ်။ ကားပေါ်ကလူတိုင်းကိုလည်းစစ်တယ်။ ဖုန်းတွေပါစစ်တာ။ လိုင်းပေါ်မှာ တော်လှန်ရေးပေ့ချ်တွေ ပုံတွေ Like လုပ်တာတွေ့ရင် ဖမ်းတယ်၊ သူတို့မသင်္ကာရင် အကုန်ဖမ်းတယ်” လို့ သူကပြောပါတယ်။
အခုလ ၁၀ ရက်ကလည်း ပေါက်မြို့နယ် ဝန်လဲကျေးရွာက မျိုးချစ်အောင်(ခ) ဖိုးညိုဆိုသူတစ်ဦးမင်းဘူးမြို့ကို ဆေးကုသဖို့သွားရာ ဆိပ်ဖြူမြို့အဝင်က စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ PDF တပ်ဖွဲ့ဝင်လို့စွပ်စွဲပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ AAPP ကဖော်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ အခုလ ၁၃ ရက်အထိ တစ်နိုင်ငံလုံအတိုင်းအတာနဲ့ ဖမ်းဆီးခံရသူပေါင်း နှစ်သောင်းကျော်အထိရှိလာကာ ၁၉,၀၀၀ ကျော်ဟာ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ခြောက်ထောင်ကျော်ဟာထောင်ဒဏ်အသီးသီးချမှတ်ခံထားရတယ်လို့ AAPP က မနေ့ကထုတ်ပြန်ထားပါတယ်။
ပုံစာ-နွေဦးတော်လှန်ရေးကာလအတွင်းကျဆုံးခဲ့သူများ
Photo : AAPP
#Dailynews

