ရန်ကုန် -၂၀၂၃ ဒီဇင်ဘာ ၂၆ (မော်ကွန်း)
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်မှာ ဒီနေ့လယ် ၁ နာရီဝန်းကျင်က ဗန္ဓုလတံတားပေါ်ကနေ ဆင်းလာတဲ့ ကွန်တိန်နာယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး လမ်းမပေါ်သွားနေတဲ့ ကားတချို့နဲ့ လမ်းဘေးမှာရပ်ထားတဲ့ကားတွေကို ဆင့်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။
တံတားပေါ်ကအဆင်း ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်တော့တာကြောင့် လမ်းပြောင်းပြန်မောင်းပြီး ကားတွေကိုဆင့်တိုက်သွားတာလို့ ဖြစ်စဉ်ကို မြင်တွေ့လိုက်ရသူတွေက မော်ကွန်းကိုပြောပါတယ်။
“တံတားပေါ်ကနေဆင်းလာပြီး ဗိုလ်တထောင်ဘုရားလမ်းနဲ့ ဗန္ဓုလလမ်းထောင့်က ကားတွေအရင်တိုက်တာ၊ ပြီးတော့ အရှိန်နဲ့ဆက်သွားပြီး နောက်ကားတစ်စီးကိုထပ်တိုက်တယ်။ လမ်း ၅၀ မှတ်တိုင်နားမှာ အာရာဖက်တစ်စီးကို ထပ်တိုက်တယ်။ ကားမှန်ကွဲတွေလမ်းပေါ်မှာ အများကြီးပဲ။ ကွန်တိန်နာ ကားသမားကတော့ ဆင်းပြေးသွားပြီ၊ မြင်တောင်မမြင်လိုက်ရဘူး” လို့ သူကပြောပါတယ်။
ဘရိတ်ပေါက်ပြီး လမ်းပြောင်းပြန်မောင်းဝင်လာတဲ့ ကွန်တိန်နာကားဟာ မဟာဗန္ဓုလလမ်းနဲ့ဗိုလ်မြတ်ထွန်းလမ်းထောင့်မီးပွိုင့်အကျော်နားမှာ ရပ်သွားတယ်လို့ မြင်တွေ့လိုက်ရသူတွေကပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူထိိခိုက်မှုတော့ မရှိပေမယ့် တက္ကစီတစ်စီးနဲ့ အိမ်စီးကားငါးစီးပျက်စီးသွားတယ်လို့ မြင်တွေ့လိုက်ရသူတွေက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ယာဉ်ထိန်းရဲတွေနဲ့ စည်ပင်ကတာဝန်ရှိသူတွေကလိုက်လံစစ်ဆေးနေပြီး ဘရိတ်ပေါက်တဲ့ ကွန်တိန်နာကားကို ရွှေ့ဖို့ ပြင်ဆင်နေကြပါတယ်။
ပုံစာ-ဘရိတ်ပေါက်သွားတဲ့ ကွန်တိန်နာနဲ့ တိုက်ခံရလို့ပျက်စီးသွားတဲ့ကားများ
Photo – Mawkun

