ရန်ကုန်- ၂၀၂၃ ဇွန် ၉ (မော်ကွန်း)
မုန်တိုင်းသင့်ပြီး အရေးပေါ်အကူအညီတွေလိုအပ်နေသလို ကူညီချင်သူတွေသွားလာဖို့ခက်နေတဲ့ ရခိုင်ပြည်နယ်မှာ ဇွန် ၇ ရက်ကစပြီး ခရီးသွားလာခွင့်တွေပိတ်တယ်လို့ မနေ့ကထုတ်ပြန်လိုက်တဲ့အပေါ် ရခိုင်အခြေပြုအရပ်ဖက်အဖွဲ့အစည်းတချို့က ကန့်ကွက်လိုက်ပါတယ်။
“ အခု ရခိုင်ပြည်နယ်မှာ စားနပ်ရိက္ခာ၊ အမိုးအကာတွေ၊ အထောက်အပံ့ လုံးဝမရသေးတဲ့နေရာတွေအများကြီးပဲ။ အခု စကစက အရပ်ဖက်အဖွဲ့စည်းတွေ၊ ကူညီကယ်ဆယ်ရေးအသင်းတွေကို သွားလာခွင့်ပိတ်ပင်လိုက်ပြီဆို၊ အဲဒီ့ဒုက္ခရောက်နေတဲ့ ရခိုင်ပြည်သူတွေကို သူတို့ကူညီနိုင်မှာလား” လို့ ရခိုင်ပြည်နယ်အခြေစိုက် လူမှုကူညီရေးအဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦးက ထောက်ပြပါတယ်။
ခရီးသွားလာခွင့်တွေရပ်ဆိုင်းရတာ ဘာ့ကြောင့်ဆိုတဲ့အကြောင်းပြချက်မပါတဲ့အပေါ် ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ချို့က တာဝန်ရှိသူတွေကစိုးရိမ်ပြီး မုန်တိုင်းကြောင့် ဒုက္ခရောက်နေတဲ့လူထုအပေါ် အခက်အခဲတွေ ပိုများလာမှာကို စိုးရိမ်နေကြပါတယ်။
ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတချို့ရဲ့ အဆိုအရ မုန်တိုင်းသင့်သွားတဲ့နေရာ အများစုဟာ အခုအချိန်အထိ အကူအညီမရောက်လို့ ဒုက္ခရောက်နေဆဲဖြစ်ပြီး သွားလာရေးကန့်သတ်ချက်တွေကြောင့် အခြေအနေကိုပိုဆိုးစေမယ်လို့ ပြောကြပါတယ်။
ပြီးခဲ့တဲ့ မေ ၂၃ ရက်ကလည်း မုန်တိုင်းသင့်ပြည်သူတွေကို အကူအညီပေးဖို့ သွားလာနေတဲ့ ပရဟိတသမားစာရေးဆရာ ကိုဝေဟင်အောင်ကို စစ်ကောင်စီကဖမ်းဆီးခဲ့ပြီးနောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းတွေအနေနဲ့လည်း မုန်တိုင်းသင့်ရခိုင်ပြည်နယ်မှာ လွတ်လပ်စွာ အကူအညီတွေပေးနိုင်ဖို့ စစ်ကောင်စီအနေနဲ့ခွင့်ပြုပေးဖို့ တောင်းဆိုနေကြသလို အကန့်အသတ်တွေကြောင့် အကူအညီလိုအပ်နေသူတွေ ပိုလို့ဒုက္ခရောက်နေရတယ်လို့ ထုတ်ပြန်ထားကြပါတယ်။
ပြီးခဲ့တဲ့ မေ ၁၄ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း ဆိုက်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေအပါအဝင် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းဒေသတွေမှာ အကြီးအကျယ်ပျက်စီးခဲ့ပြီး အဲဒီမုန်တိုင်းကြောင့် ဘေးသင့် သူတွေကိုကူညီဖို့ အနည်းဆုံးဒေါ်လာ ၃၃၃ သန်း အရေးပေါ်လိုတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်က ကြေညာထားပါတယ်။
ပုံစာ- စစ်တွေမြို့နယ်အတွင်း ဒုက္ခသည်စခန်းမှနေထိုင်သူများကို လတ်တလောဝင်ငွေရရှိအောင် မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသောအပျက်အစီးများအားရှင်းလင်းရန် လုပ်ခပေးငှားရမ်းခြင်းဖြင့်UNDP က ကူညီထားသည့်မြင်ကွင်း
ပုံ- UNDP Myanmar
#Dailynews

