မုံရွာ-၂၀၂၄ မတ် ၁၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက် စစ်ကိုင်း-မုံရွာကားလမ်းမအနီးက သက္ကယ်ကျင်းရွာကို စစ်ကောင်စီတပ်တွေ မနေ့ညနေပိုင်းက ရုတ်တရက်ဝင်ရောက်စီးနင်းမီးရှို့ခဲ့တာကြောင့် သေဆုံးသူတွေလည်းရှိသလို ဖမ်းဆီးခံရတဲ့ ဒေသခံငါးဆယ်ကျော်အထိရှိတယ်လို့ ရွာခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မော်ကွန်းကိုပြောပါတယ်။
အင်အားငါးဆယ်ကျော်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ သက္ကယ်ကျင်းရွာကို အိမ်စီးကားတွေနဲ့ နှစ်ဖွဲ့ခွဲဝင်ရောက်လာပြီး ပစ်ခတ်စီးနင်းခဲ့တာလို့ မုံရွာအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“သေတာငါးယောက်လောက်တော့ရှိတယ်။ အိမ်သာထဲမှာထိုင်နေရင်းနဲ့မီးထဲပါသွားတာ၊ သူတို့ပစ်သတ်ပြီး သေလို့ရှို့ခံရတဲ့ဟာလည်းရှိတယ်။ နာမည်စာရင်းအတိအကျတွေနဲ့တော့ မရသေးဘူး။ ညကမှမီးဝင်ငြှိမ်းရတာဆိုတော့ အတိအကျမရသေးဘူးပေါ့။ ဖမ်းခံရတဲ့ဒေသခံက ငါးဆယ်ကျော် တစ်ရာနီးပါးပါပဲခင်ဗျ။ မုံရွာမြို့ချင်းတွင်းခန်းမထဲမှာထည့်ထားတယ်။ နောက်ဆက်တွဲတော့ အဆက်အသွယ်မရသေးဘူး” လို့ သူကပြောပါတယ်။
ရွာမီးရှို့ခံရပြီး ညပိုင်းကျမှ စစ်ကောင်စီတပ်တွေပြန်ဆုတ်သွားလို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ရွာထဲဝင် မီးငြှိမ်းသတ်ရင်း အလောင်းတချို့ပြန်တွေ့တာလို့သူက ဆိုပါတယ်။
အိမ်ခြေလေးရာဝန်းကျင်ရှိတဲ့ သက္ကယ်ကျင်းရွာမှာ အိမ်ခြေအားလုံးနီးပါး ပျက်စီးဆုံးရှုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာက ကားလမ်းဘေးလည်းကပ် သူတို့စခန်းတွေနဲ့လည်းနီးတော့ ရှောင်ချိန်တိမ်းချိန်မရလိုက်တာဖြစ်သွားတယ်။ ပျက်စီးဆုံးရှုံးမှုတော့ ပိုများတာပေါ့။ လူလွတ်ထွက်ပြေးရတော့ ဘာမှမသယ်နိုင်မပိုးနိုင်နဲ့ဆိုတော့ ဆုံးရှုံးတာပေါ့။ တစ်ရွာလုံးမကျန်သလောက်အကုန်ပါသွားတယ်။ ရွာမှာက အိမ်ထောင်စုလည်းများတယ်” လို့ သူကဆိုပါတယ်။
သက္ကယ်ကျင်းရွာကဒေသခံတွေဟာ စိုက်ပျိုးရေးလုပ်ငန်းအဓိကထားလုပ်ကြသလို မြို့ပေါ်တက် ဈေးရောင်းသူ၊ လက်သမားလုပ်သူ၊ ပန်းရံလုပ်သူစတဲ့ လက်လုပ်လက်စားများတဲ့ရွာကြီးတစ်ရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ကောင်စီတပ်တွေဟာ မုံရွာမြို့ရဲ့ တောင်ဘက်နဲ့ မြောက်ဘက်အခြမ်းမှာရှိတဲ့ ရွာတွေကို အခုလ အစောပိုင်းကစလို့ ရုတ်တရက်စီးနင်းမီးရှို့ဖျက်ဆီးတာတွေ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ မကြာခဏလုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။
စစ်ကောင်စီတပ်တွေရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် အခုလ တစ်လထဲမှာတင် ကျေးရွာပေါင်း ၁၀ ရွာကျော်က အိမ်ခြေလေးထောင်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
မီးလောင်ပျက်စီးဆုံးရှုံးမှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် နိုင်ငံအနှံ့မှာ မီးလောင်ပျက်စီးခဲ့တဲ့ အိမ်ခြေပေါင်း ရှစ်သောင်းနီးပါးအထိရှိနေပြီလို့ ဆိုပါတယ်။
ပုံစာ-မနေ့က မီးရှို့ခံရလို့ပျက်စီးသွားတဲ့ သက္ကယ်ကျင်းရွာနဲ့ မီးလောင်ထဲမှာ သေဆုံးသွားတဲ့ ဒေသခံတစ်ဦးရဲ့ အလောင်း။
ဓာတ်ပုံ-5/Commando Force