စစ်တွေ- ၂၀၂၃ ဇွန် ၈ (မော်ကွန်း)
ရခိုင်ပြည်နယ်မှာ စစ်တွေမြို့နဲ့ ပုဏ္ဏားကျွန်းမြို့တွေမှာ လျှပ်စစ်မီးပြန်ပေးပြီလို့ စစ်ကောင်စီကဆိုပေမယ့် နေရာတော်တာ်များများမှာ ပြတ်တောက်နေတုန်းပဲလို့ ဒေသခံတွေကပြောပါတယ်။
“ ည ၁၀:၀၀ နာရီတုန်းကတော့လာပြီး ၁၅ မိနစ်လောက်အကြာမှာ ပြန်ပျက်သွားတာ အခုထိမလာသေးဘူး။ လာတဲ့အိမ်တွေကတော့ လာတယ်။အများစုတော့မလာသေးဘူး” လို့ စစ်တွေမြို့ခံတစ်ဦးက ဒီနေ့လယ်မှာ ပြောပါတယ်။
စစ်ကောင်စီက မိုခါဆိုက်ကလုန်းမုန်တိုင်းကာလအလွန် ပထမအဆင့်အနေနဲ့ စစ်တွေနဲ့ပုဏ္ဏားကျွန်းမြို့ပေါ် ရပ်ကွက်တွေကို ဓာတ်အားဖြန့်ဖြူးပေးထားပြီလို့ သူတို့ရဲသတင်းစာတွေမှာ ဖော်ပြပါတယ်။
ပုဏ္ဏားကျွန်းမြို့ပေါ်မှာတော့ လျှပ်စစ်မီးပြန်ရပြီဆိုပေမယ့် ကျေးရွာဘက်တွေမှာတော့ လျှပ်စစ်မီးမရရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ မနေ့ညကတော့ သူတို့မီးတွေလာစမ်းတယ်။ ဒီမနက် ၁၁:၀၀ လောက်မှာတော့ မီးလာတယ်။ နယ်ဘက်တွေတော့ မီးပြန်မလာသေးဘူး။ တစ်လလောက်တော့ ကြာဦးမယ်ထင်တယ်” လို့ ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက ပြောပါတယ်။
လျှပ်စစ်မီးပြန်ရနေတဲ့ ပုဏ္ဏားကျွန်းမြို့ပေါ်က နေအိမ်တွေအနေနဲ့ မုန်တိုင်းကြောင့် ရေဝင်ထားတဲ့ ဝါယာကြိုးတွေကနေ ဝါယာရှော့ခ် ဖြစ်နိုင်တဲ့ မီးဘေးအန္တရယ်ကိုလည်း သတိထားသင့်တယ်လို့ ဒေသအခြေစိုက် ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
တစ်ဖက်မှာလည်း လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မီးစက်နဲ့ သောက်သုံးရေမောင်းတင်ရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်တော့မှာဖြစ်သလို သောက်သုံးရေဈေးနှုန်းတွေလည်း ကျလာနိုင်တယ်လို့ ပုဏ္ဏားကျွန်းအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေက သုံးသပ်ပါတယ်။
မုန်တိုင်းမဖြစ်ခင်က ပုဏ္ဏားကျွန်းမြို့ပေါ်မှာ သောက်သုံးရေ ၂၀ လီတာ တစ်ဗူး ကို ၆၀၀ ကျပ်သာပေးရပြီး အခုဆို ၂,၀၀၀ ကျပ်ပေးဝယ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုခါဆိုက်ကလုန်းမုန်တိုင်း စတင်ဝင်ရောက်ခဲ့တဲ့ မေ ၁၄ ရက် နောက်ပိုင်းကစပြီး ရခိုင်ပြည်နယ်မြို့နယ်အားလုံး လျှပ်စစ်မီးပြတ်တောက်သွားခဲ့ပြီး မနေ့ကမှ မြို့နယ်တချို့ကို မီးပြန်ပေးနိုင်တာ ဖြစ်ပါတယ်။
ပုံစာ- စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဝန်ထမ်းတွေစစ်တွေမြို့ဓာတ်တိုင်အပျက်အစီးတွေပြင်ဆင်နေပုံ
Photo-MRTV
#Dailynews

