အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၁၆ (မော်ကွန်း)
ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်အမည်စာရင်းအား ယမန်နေ့က အပြီးသတ်ကြေညာခဲ့ရာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာများအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းနှစ်ဦးက အနိုင်ရရှိခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအတွက် ဒေါ်ထုမေနှင့် ရှမ်းပြည်နယ် ကချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအတွက် ဦးဇုတ်ဒေါင်ဖြစ်သည်။
ထို့အပြင် ရှမ်းပြည်နယ် မက်မန်းမဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးခမ်းရွှေက တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး ကချင်ပြည်နယ် အင်ဂျန်းယန်မဲဆန္ဒနယ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေါ်မရန်ဂျာဆိုင်းခေါန်က တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။
ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးအတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၆၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နှစ်ဦးက ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အစိုးရတို့တွင် ဝန်ကြီးဖြစ်လာမည်ဖြစ်ပြီး ကျန်သည့်တစ်သီးပုဂ္ဂလကိုယ်စားလှယ်နှစ်ဦးက ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရမည်ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် အပြီးသတ်စာရင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးနေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၃ ဦး၊ မွန်ညီညွတ်ရေးပါတီက တစ်ဦး၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက တစ်ဦး၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက တစ်ဦး၊ ကယန်းအမျိုးသားပါတီက တစ်ဦး၊ တစ်ဦးပုဂ္ဂလက နှစ်ဦး အနိုင်ရရှိခဲ့သည်။
#Dailynews

