မုန်တိုင်းသင့်ရခိုင်မှာ အငတ်ဘေးနဲ့ရောဂါဘယဘေးကျနိုင်တယ်လို့သတိပေး

မုန်တိုင်းသင့်ရခိုင်မှာ အငတ်ဘေးနဲ့ရောဂါဘယဘေးကျနိုင်တယ်လို့သတိပေး

ရန်ကုန်- ၂၀၂၃ ဇွန် ၆ (မော်ကွန်း)

အလွန်အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် အပြင်းအထန်ထိခိုက်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို ထိရောက်တဲ့တုံ့ပြန်မှုတွေမရောက်ရှိနိုင်ပါက အငတ်ဘေးနဲ့ ရောဂါဘယဘေးတွေ ကြုံတွေ့နိုင်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) က မနေ့ကထုတ်ပြန်ပါတယ်။

“ စိုက်ပျိုးရေးနဲ့အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အိမ်ထောင်စုတွေဟာ လာမယ့်စိုက်ပျိုးရာသီအတွက် သိုလှောင်ထားတဲ့မျိုးစေ့တွေ မုန်တိုင်းကြောင့်ပျက်စီးသွားပြီ။ ထိရောက်တဲ့ အထောက်အပံ့တွေမရပါက စားနပ်ရိက္ခာပြဿနာဟာ ကြီးမားတဲ့ပြဿနာတစ်ခု ဖြစ်လာတော့မယ်လို့” UNDP ရဲ့ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Titon Mitra က ထုတ်ပြန်ချက်မှာသတိပေးပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းက တာဝန်ရှိသူတွေဟာလည်း ရခိုင်ပြည်နယ်အတွင်း ကူညီထောက်ပံ့မယ့်အစီအစဉ်တွေကို စစ်ကောင်စီထံတင်ပြထားပြီး အမြန်ဆုံးခွင့်ပြုအမိန့်ကျဖို့နဲ့ လွတ်လပ်စွာ သွားလာခွင့်ရရှိရေးကိုလည်း တင်ပြထားတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် အရေးပေါ်စားနပ်ရိက္ခာထောက်ပံ့ပေးနေတာတွေလုပ်နေတယ်လို့ ပြောပါတယ်။

“ဆိုင်ကလုန်းမုန်တိုင်းမတိုက်ခတ်မီတုန်းက ကျွန်တော်တို့ WFP အနေနဲ့ ရခိုင်ပြည်နယ်အလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာရှိတဲ့ ဝမ်းရေးခက်ခဲနေကြတဲ့ လူဦးရေပေါင်း ၃၆၀,၀၀၀ အတွက် လစဉ်စားနပ်ရိက္ခာနဲ့အာဟာရအထောက်အပံ့တွေ ပံ့ပိုးပေး နေတာရှိပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းရဲ့ သက်ရောက်မှုကြောင့် အခုလက်ရှိမှာ အနည်းဆုံး လူပေါင်း ၄၄၀,၀၀၀ လောက်ထပ်တိုးပြီး အရေးပေါ်စားနပ်ရိက္ခာ အကူအညီတွေလိုအပ်နေပါတယ်။ WFP ဝန်ထမ်းတွေအနေနဲ့လည်း ရခိုင်ပြည်နယ်က မုန်တိုင်းသင့်ပြည်သူ လူဦးရေစုစုပေါင်း ၈၀၀,၀၀၀ ကို အရေးပေါ်စားနပ်ရိက္ခာ ထောက်ပံ့ပေးဖို့အတွက် နေ့မအားညမနား လုပ်ဆောင်နေကြပါတယ်” ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Stephen Anderson က မော်ကွန်းကို ပြောပါတယ်။

ရခိုင်ပြည်နယ်ကို မိုခါမုန်တိုင်းဝင်ရောက်ခဲ့တာ ရက်ပေါင်း ၂၀ ကျော်ပြီဖြစ်ပေမယ့် အကူအညီ၊ ထောက်ပံ့မှုတွေမရရှိသေးတဲ့ ဒေသတွေလည်း အများကြီးရှိနေဆဲဖြစ်ပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာအထောက်အပံ့တွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ ဒေသအခြေစိုက်အရပ်ဖက်အဖွဲ့အစည်းတွေက ပြောကြပါတယ်။

သွားရေး၊လာရေးခက်ခဲပြီး အကူအညီပေးသူတွေ အခုအထိမရောက်နိုင်သေးတဲ့ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသလို နေရာတွေမှာဆိုရင် အရေးပေါ် စားနပ်ရိက္ခာနဲ့အမိုးအကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် လူမှုကူညီရေးအသင်းက ပြောပါတယ်။

ဒါအပြင် ဒေသတွင်းက အခြားမြို့နယ်တွေမှာလည်း တောဖျားချောင်းလိုမျိုး ဒီနေ့အထိအကူအညီ မရောက်သေးတဲ့နေရာတွေ အများအပြားရှိနေပြီး မုတ်သုတ်မိုးရာသီဝင်လာပြီ ဖြစ်တာကြောင့် မုန်တိုင်းသင့်သူတွေဟာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရတယ်လို့ သူတို့ကဆိုကြပါတယ်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရဲ့ မြို့နယ်အချို့မှာ စိုက်ပျိုးသီးနှံဧက ၃,၉၅၃ ပျက်စီးသွားတယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပြီး မုန်တိုင်းသင့်သူတွေအတွက် အမိုးအကာ၊ အစားအသောက်နဲ့ဆေးဝါးတွေကို အချိန်နဲ့တပြေးညီ ပံ့ပိုးနေတယ်လို့လည်း သတင်းစာတွေမှာ ထုတ်ပြန်ထားပါတယ်။

ပုံစာ-ရခိုင်ပြည်နယ်၊စစ်တွေမြို့မှာ မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားတဲ့ ဆိုင်ခန်းမြင်ကွင်း။
Photo – UNDP Myanmar


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."