စစ်တွေ – ၂၀၂၃၊ မေ ၃၁ (မော်ကွန်း)
အကူအညီပေးရေးအဖွဲ့တွေကို စစ်ကောင်စီက ကန့်သတ်နေတာကြောင့် မုန်တိုင်းကြောင့်ထိခိုက်ပျက်စီးခဲ့ရသူတွေထံ အကူအညီတွေမရောက်ဘဲ အခက်အခဲကြုံနေရတယ်လို့ ရခိုင်ပြည်နယ်က ဒေသခံတစ်ချို့ကပြောပါတယ်။
“ NGO တွေကို ကန့်သတ်တာကလည်း နိုင်ငံရေးနဲ့ဆက်စပ်တာပေါ့။ အခုလက်ရှိဖြစ်နေတဲ့ စစ်ရေးပဋိပက္ခနဲ့ဆက်စပ်တာပေါ့လေ။ စစ်ရေးပဋိပက္ခကို သူတို့ကထိန်းချုပ်ချင်တယ်။ ကစားချင်တဲ့အတွက် အခုလိုထိန်းချုပ်ထားတာ။ နောက်ပြီး အထောက်အပံ့ပစ္စည်းတွေကို ULA/AA ဘက်ရောက်သွားမှာ စိုးရိမ်တာလည်းပါတယ်” လို့ မြောက်ဦးအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
မိုခါမုန်တိုင်းဝင်ပြီး နှစ်ပတ်ကျော်လာတဲ့အထိ ရခိုင်ပြည်နယ်မှာ ထောက်ပံ့အကူအညီလုံးဝမရသေးတဲ့ဒေသတွေ အများကြီးရှိနေသေးတယ်လို့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းများကလည်း မေလ ၂၉ ရက်မှာ ထုတ်ပြန်သတိပေးပါတယ်။
စစ်ကောင်စီအနေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်တင်ဖို့နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ကန့်သတ်၊ ပိတ်ပင်မှုတွေမပြုလုပ်ဖို့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။
မြောက်ဦးမြို့နယ်မှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က မုန်တိုင်းမဖြစ်မီကတည်းက ပုံမှန်ထောက်ပံ့ရေးအစီအစဉ်တစ်ခုဖြစ်တဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို ထောက်ပံ့တဲ့အစီအစဉ်ကလွဲရင် မုန်တိုင်းဝင်ပြီးမှထိခိုက်ခဲ့သူတွေကိုထောက်ပံ့တာမျိုး အခုထိရောက်မလာသေးဘူးလို့ မြောက်ဦးအခြေစိုက်အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။
မုန်တိုင်းဝင်ပြီးတဲ့နောက် စစ်ကောင်စီရဲ့ထောက်ပံ့မှုအဖြစ် မြောက်ဦးမြို့နယ်အတွင်းကကျေးရွာတွေမှာ မိသားစုတစ်စု ဆန်နှစ်ဗူးပေးဝေတဲ့အစီအစဉ် တစ်ကြိမ်ရှိခဲ့တယ်လို့ မြောက်ဦးအခြေစိုက် အရပ်ဖက် အဖွဲ့အစည်းတွေကဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကို ပိတ်ထားဆဲဖြစ်တဲ့အတွက် ဒေသခံတွေဟာအကူအညီပြတ်လပ်နေဆဲ အခြေအနေနဲ့ကြုံနေရတယ်လို့ သူတို့ကဆိုပါတယ်။
မုန်တိုင်းသင့်ရခိုင်ပြည်နယ်မှာ အရေးပေါ်စားနပ်ရိက္ခာအပြင် မိုးရွာလာပြီဖြစ်တဲ့အတွက် အရေးပေါ် အမိုးအကာတွေလည်းလိုအပ်နေသလို ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
အကူအညီပေးမယ့်အဖွဲ့တွေကို နိုင်ငံရေးအရ စစ်ကောင်စီကပိတ်ပင်နေတာဟာ ဒေသခံတွေကို ဆိုးရွားစွာထိခိုက်စေပြီး မုန်တိုင်းသင့်ထားတဲ့ သူတွေပြန်လည်ထူထောင်ရေးမှာ ထိခိုက်ခံစားနေရတယ်လို့ ပုဏ္ဏားကျွန်းမြို့ကဒေသခံတစ်ဦးက ပြောပါတယ်။
“ ကျွန်တော်တို့ဆီမှာ အစိုးရကနှစ်ရပ်ဖြစ်နေတယ်။ ULA/AA ရှိတယ်။ စကစရှိတယ်။ စင်ပြိုင်အစိုးရဖြစ်နေတယ်။ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ စကစ က ULA/AA ဆီကို အထောက်အပံ့ပစ္စည်းတွေ ရောက်သွားမှာစိုးတယ်။ အဲဒါဟာ ကိုယ့်လူကိုကိုယ်သတ်သလိုဖြစ်နေတယ်။ ဒီမှာဘယ်လောက်အထိ ငတ်မွတ်နေကြတာလည်းဆိုတာ သူ(စစ်ကောင်စီ) မမြင်ဘူး”လို့ သူက ပြောပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကတော့ မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးက ပြည်သူ နှစ်သိန်းသုံးသောင်းကို စားနပ်ရိက္ခာတွေထောက်ပံ့ပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
ပုံစာ-မိုခါမုန်တိုင်းအပြီး မေလ ၁၅ ရက် စစ်တွေမြို့အပျက်အစီးမြင်ကွင်း
Photo – World Food Programme Myanmar
#Dailynews

