ရန်ကုန်- ၂၀၂၃၊ မတ်လ ၇ ရက် (မော်ကွန်း)
စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) တို့အကြားတိုက်ပွဲကြောင့် စစ်ရှောင်နေရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့မှ စစ်ရှောင်ပြည်သူတွေ ဝမ်းပျက်ဝမ်းလျှောရောဂါတွေကြုံတွေနေရတယ်လို့ စစ်ရှောင်တွေကိုလိုက်လံကူညီပေးနေသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“မွေးရပ်မြေကိုစွန့်ပြီးနေရာအသစ်မှာရှောင်နေရတော့ ရေမသန့်တာတွေ၊အစားအစာတွေကြောင့်တော်တော်များများဝမ်းပျက်ဝမ်းလျှောတာတွေဖြစ်နေတယ်။ အကုန်လုံးကလည်းစိတ်ဒုက္ခရောက်နေကြတယ်” လို့သူကပြောပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၅ ရက်မှာ စစ်ကောင်စီတပ်က ပင်လောင်းမြို့နယ်တောင်မဲသင်းကျေးရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် တောင်မဲသင်းရွာအပါအဝင် လုံးပျဉ်၊ နန်းနိမ့်၊ တောင်စလုံး၊ မြောက်စလုံးရွာတွေမှဒေသခံတွေတိမ်းရှောင်ခဲ့ရတယ်လို့ အဲဒီကဒေသခံတွေကပြောပါတယ်။
ပင်လောင်းမြို့က ပြည်သူတွေ စစ်ရှောင်နေရတာ ၁၀ ရက်နီးပါးရှိလာသလိုစစ်ရှောင်ဦးရေကလည်း ရှစ်ထောင်နီးပါးရှိလာပြီလို့ဆိုပါတယ်။
ပင်လောင်းမြို့နယ်မှ စစ်ရှောင်လာတဲ့ဒေသခံတွေကို အနီးအနားကျေးရွာတွေက နေစရာစားစရာကူညီပေးကြပေမယ့် တစ်ချို့ရွာတွေမှာတော့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာဟာ နှစ်ရက်၊ သုံးရက်စာလောက်ပဲကျန်တော့တယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေသူကပြောပါတယ်။
ပုံ – ပင်လောင်းမြို့နယ်မှဒေသခံစစ်ဘေးရှောင်များ
Photo: Supplied
#Dailynews

