ရန်ကုန်- ၂၀၂၃ မေ ၂၉ (မော်ကွန်း)
ပဲခူးတိုင်းအရှေ့ခြမ်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကို တန်းဖွင့်မပေးဘဲ ထောင်အာဏာပိုင်တွေကညှင်းပန်းနေပြီး ၂၀ ကျော်ကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထောင်ပြင်ခေါ်ထုတ် စစ်ကြောရေးလုပ်နေတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေကဆိုပါတယ်။
ဒါ့အပြင် ထောင်ပြင်ခေါ်ထုတ်သွားခံရတဲ့သူတွေနဲ့ ဒီနေ့အထိအဆက်အသွယ်ပြတ်နေတယ်လို့ ဒိုက်ဦးထောင်နဲ့နီးစပ်သူတွေကပြောပါတယ်။
“တန်းပိတ်ထားတုန်းပဲ။ ရေချိုးချချိန်ခဏလေးကို တစ်ခန်းချင်းစီ၊ မိနစ်ပိုင်းနဲ့ထွက်ခွင့်ပေးတာကလွဲရင် နိုင်ကျဉ်းတွေကိုပိတ်ထားတာ အခုဆိုရင်ငါးရက်ရှိပြီ” လို့ အကျဉ်းထောင်နဲ့နီးစပ်သူက ဒီနေ့ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေခေါ်ထုတ်သွားတဲ့ နိုင်ကျဉ်း ၂၀ ကျော်အနက် အိပ်ဆောင်အမှတ် ၁ က ကိုသန့်စင်ဝင်းဆိုသူဟာ စစ်ကြောရေးမှာ ကျဆုံးသွားပြီလို့ လူမှုကွန်ယက်တချို့နဲ့ သတင်းဌာနတချို့ကဖော်ပြကြပေမယ့် မော်ကွန်းကသီးခြားအတည်မပြုနိုင်သေးပါဘူး။
“ စာရင်းအတိအကျကို မပြောနိုင်သေးဘူး။ တော်တော်များများလာခေါ်ထုတ်သွားတယ်။ လူချင်းသိသူတွေထဲကကို အများအပြားပါသွားတယ်” လို့ အကျဉ်းထောင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒါအပြင် အခြားရာဇဝတ်အကျဉ်းသားတွေကို သုံးပြီး နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ဖို့အတွက် အကျဉ်းထောင်အာဏာပိုင်တွေ စတင်ပြင်ဆင်လာပြီး အခုဆိုရင် အမှတ် ၁ အိပ်ဆောင်က နိုင်ကျဉ်းတချို့ကိုအဆောင်ပြောင်းကာ သူတို့ နေရာမှာ အခြားအမှုအကျဉ်းသားတွေကိုအစားထိုးလာတယ်လို့ သူကဆိုပါတယ်။
ဒိုက်ဦးအကျဉ်းထောင်မှာ အိပ်ဆောင် ၆ ဆောင် ရှိတဲ့အနက် အမှတ် ၁၊ ၂၊ ၃ နဲ့ ၅ မှာ နိုင်ငံရေး အကျဉ်းသားတွေကို အခြားရာဇဝတ်အကျဉ်းသားတွေနဲ့အတူ ဖမ်းချုပ်ထားပြီး အမှတ် ၆ အိပ်ဆောင်က အမျိုးသမီးထောင်ပါ။
အိပ်ဆောင် အမှတ် ၄ မှာတော့ ရာဇဝတ်အကျဉ်းသားတွေချည်းထားပါတယ်။ ဒါ့အပြင် ပြစ်ဒဏ်တိုက်တွေမှာလည်း သေဒဏ်ကျရာဇဝတ်အကျဉ်းသားတွေနဲ့အတူ ယခင်မွန်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးနဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုဖမ်းချုပ်ထားပါတယ်။
အိပ်ဆောင်တစ်ခုမှာ အခန်းရှစ်ခန်းရှိပြီး ၁၅’x၄၀’ ခန့်ကျယ်ဝန်းတဲ့အခန်းတစ်ခန်းစီမှာ အကျဉ်းသား ၄၀ ကျော်အထိ စုပြုံထည့်ထားတယ် လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေကဆိုပါတယ်။
အကျဉ်းသား ၃၂၀ ကျော်ရှိပြီး အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသား ၂၆၀ ကျော်ရှိတဲ့ အိပ်ဆောင် ၁ မှာ နေထိုင်သူတွေထဲက ကိုသန့်ဇင်ဝင်း၊ ဂျာကြီး(ခ)ကိုဝေယံလွင် ကိုအောင်မျိုးသူ၊ ပီပီအေ (ခ) ကိုအောင်ပြည့်ဖြို့း၊ စာကလေး(ခ)ကိုထွန်းထွန်းနိုင်၊ ကိုဘိုဘိုဝင်း၊ ကိုရလေး(ခ) ကိုဇင်းမင်းထွန်းနဲ့ ကိုစွမ်း(ခ) ကိုစွမ်းရည်ကျော် ဆိုသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သံခြေကျင်းတွေ၊ လတ်ထိပ်တွေခတ်ပြီး လာခေါ်ထုတ်သွားခဲ့တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူကဆိုပါတယ်။
လက်ရှိ ခေါ်ထုတ် စစ်ကြောခံနေရတဲ့ ၂၀ ကျော်ဟာ အိပ်ဆောင် ၁ နဲ့ ၂ က နိုင်ကျဉ်း အရေအတွက်ဖြစ်ပြီး အိပ်ဆောင် ၃ နဲ့ ပြစ်ဒဏ် တိုက်တွေဘက်ကသူတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေခေါ်ထုတ်သွားတယ်လို့ သိရပေမယ့် တန်းပိတ်ထားတဲ့အတွက် အသေးစိတ်မသိရသေးဘူးလို့ သူတို့ကပြောပါတယ်။
စစ်ကောင်စီတပ်က လာရောက်ခေါ်ထုတ် ညှင်းပန်းနေသူတွေဟာ ပဲခူးမြို့နယ်အတွင်းမှာ အဖမ်းခံရသူတွေအများစုဖြစ်ပြီး အမည်ဖော်ပြနိုင်သူတွေထဲက ကိုရလေးဆိုရင် ညောင်လေးပင်မြို့နယ်၊ ကိုစွမ်းရည်ကျော်ကတော့ တောင်ငူထောင်က ပြောင်းလာသူတွေ ဖြစ်ပါတယ်။ သူတို့အားလုံးကို အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်ပုဒ်မတွေတပ်ပြီး ထောင်ဒဏ်နှစ်ရှည်ချထားတာပါ။
ဒိုက်ဦးဗဟိုအကျဉ်းထောင်မှာ အကျဉ်းသား စုစုပေါင်း ၁,၇၀၀ ခန့်ရှိပြီး အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသား ၆၀၀ လောက် ပါဝင်ပါတယ်။
မေ ၁၈ ရက်က ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူ အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားကိုးဦး ထွက်ပြေးလွတ်မြောက်သွားပြီးနောက်ပိုင်း အကျဉ်းထောင်တွေမှာရှိတဲ့ နိုင်ကျဉ်းတွေကို စစ်ကောင်စီကဖိနှိပ်လာတာဖြစ်ပြီး မန္တလေးတိုင်း၊ မြင်းခြံထောင်မှာလည်း အကြောင်းပြချက်မရှိဘဲ နိုင်ကျဉ်းတွေကိုခေါ်ထုတ်ညှင်းပန်းမှုတွေလုပ်နေတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေဟာ အစာငတ်ခံဆန္ဒပြခဲ့ပါတယ်။
တစ်နိုင်ငံလုံးကအကျဉ်းထောင် ၅၀ ခန့်မှာတော့ နိုင်ငံရေးအကျဉ်းသား ၁၈,၅၀၀ ခန့်ကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားဆဲ ဖြစ်ပြီး အာဏာသိမ်းပြီးကတည်းက လူပေါင်း ၃,၆၀၀ ခန့်ကို သတ်ဖြတ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP )က မေ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ဒီစာရင်းဟာ သူတို့စုဆောင်းမိသမျှစာရင်းဖြစ်ပြီး မြေပြင်အခြေအနေမှာ ပိုများနိုင်တယ်လို့ AAPP က ဆိုပါတယ်။
#Dailynews

