အရာတော် – ၂၀၂၁ စက်တင်ဘာ ၂၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်နေလို့ ဒေသခံပြည်သူတွေ ထွက်ပြေးနေရပါတယ်။
စစ်ကောင်စီတပ်တွေဟာ မနေ့က အရာတော်မြို့နယ် မကျီးကန်နဲ့ညောင်လှရွာတွေကို ဝင်ပြီး ဒေသခံတွေကို ဖမ်းဆီးရိုက်နှက်တာတွေ၊ အိမ်တွေကို ဖျက််ဆီးတာတွေနဲ့ ပြည်သူတွေရဲ့ ရိက္ခာတွေကို ယူဆောင်သွားတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။
မနေ့ည ၇ နာရီကျော်မှာတော့ စစ်ကောင်စီတပ်တွေဟာ သေနတ်တွေပစ်ခတ်ပြီး နောင်ကြီးအိုင်ရွာကို အင်အားအလုံးအရင်းနဲ့ဝင်လာကာ ရှာဖွေ ဖမ်းဆီး စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီအချိန်မှာပဲ ရွာသူရွာသားတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
“ညကြီးမင်းကြီးမှာ သက်ကြီးရွယ်အိုတွေကအစ တောထဲယာခင်းတွေမှာ ရှောင်နေရပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့က နံနက်ပိုင်း မကျီးကန်နဲ့ကြာပင်လှရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာလို့ ဒေသခံတွေ ထွက်ပြေးခဲ့ရပြီး အဲဒီရွာနှစ်ရွာက ဒေသခံ ပြည်သူ ၂၀ ထက်မနည်း အဖမ်းခံကြရတယ်လို့ ဆိုကြပါတယ်။
အဖမ်းခံရတဲ့အထဲ အမျိုးသမီးငယ်တွေပါ ပါဝင်နေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အရာတော်မြို့နယ်ထဲမှာ သူတို့ကို ဆန့်ကျင်တဲ့ရွာ ၁၅ ရွာကို ရွှေ့ပြောင်းပစ်မယ်လို့ သတင်းလွှင့်ထားပြီး ခြိမ်းအဲဒီကျေးရွာတွေထဲမှာ နောင်ကြီးအိုင်ရွာလည်း ပါဝင်ပါတယ်။
#Dailynews

