ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၇ (မော်ကွန်း)
စစ်ကောင်စီရဲ့ NCA ရှစ်နှစ်ပြည့်အခမ်းအနားကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ ဒုဥက္ကဋ္ဌ နဲ့ ဗဟိုကော်မတီဝင်နှစ်ဦးကို တာဝန်ကနေ ရပ်ဆိုင်းလိုက်တယ်လို့ ABSDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဆန်နီက မော်ကွန်းကိုပြောပါတယ်။
ရက်ပိုင်းအတွင်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရှစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ABSDF ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း ၊ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်စောမောင်မောင်ဦးနဲ့ ရဲဘော်မင်းဇော်တို့ တက်ရောက်ခဲ့တာပါ။
အဆိုပါ ABSDF တပ်ဖွဲ့ဝင်သုံးဦးဟာ အဖွဲ့အစည်းကချမှတ်တဲ့စည်းကမ်းကိုမလိုက်နာဘဲ အခုလို NCA ရှစ်နှစ်ပြည့်ပွဲကို တက်ရောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ သူတို့ရဲ့ ABSDF အဖွဲ့အစည်းအတွင်းမှာရှိတဲ့ နိုင်ငံရေးတာဝန်၊ စစ်ဘက်ဆိုင်ရာ တာဝန်တွေကို ရုပ်သိမ်းလိုက်တယ်လို့ ရဲဘော်ဆန်နီက ပြောပါတယ်။
၎င်းအခမ်းအနားကို စစ်ကောင်စီဘက်က ABSDF ကို တက်ရောက်ဖို့ဖိတ်ကြားခဲ့ပြီး လက်ရှိစစ်ရေးနိုင်ငံရေး အခြေအနေတွေကြောင့် မတက်ရောက်ဘူးလို့ စစ်ကောင်စီကို အကြောင်းပြန်ကြားခဲ့ပေမယ့် အဆိုပါတပ်ဖွဲ့ဝင်သုံးဦးက သွားတက်ရောက်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
“တပ်ဖွဲ့ဝင်ထဲတော့ ဆက်ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ထမ်းဆောင်နေတဲ့ စစ်ဘက်ဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ တာဝန်တွေကို ရုပ်သိမ်းလိုက်တာပါ” လို့ သူက ပြောပါတယ်။
ABSDF အဖွဲ့ဟာ NCA ထိုး လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပေမယ့် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း NCA အကောင်အထည်ဖော်မှု ရပ်တန့်သွားပြီး NCA စာချုပ်ဟာ သမိုင်းမှာကျန်ခဲ့တော့မယ့် စာချုပ်တစ်ခုအဖြစ်သာ ကျန်တော့တယ်လို့ ရဲဘော်ဆန်နီက ပြောပါတယ်။
“ဒီနေ့ စစ်ကောင်စီက သူတို့ရဲ့ တရားဝင်မှုကို ပြချင်တာကြောင့် ရတဲ့နည်းလမ်းနဲ့ ဆောင်ရွက်ဖို့အတွက် NCA ဆိုတဲ့ နှစ်ပတ်လည်အခမ်းအနား ကျင်းပတယ်လို့ နားလည်ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်” လို့ ၎င်းက ပြောပါတယ်။
စစ်ကောင်စီက ယခုလ ၁၅ ရက်မှာ ပြုလုပ်တဲ့ NCA ရှစ်နှစ်ပြည့်ပွဲကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စတဲ့ အဖွဲ့တွေက မတက်ရောက်ခဲ့ဘဲ ပြည်သူတွေအပေါ် ကျုးလွန်နေတဲ့ အကြမ်းဖက်မှုတွေ မရပ်တန့်သေးသရွေ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ပါဝင်ဆွေးနွေးမှာ မဟုတ်ဘူးလို့ အဆိုပါ သုံးဖွဲ့က ပူးတွဲ ထုတ်ပြန်ထားပါတယ်။
NCA ရှစ်နှစ်ပြည့်အခမ်း အနားကို ABSDF ရဲ့ အဆိုပါ အဖွဲ့ဝင်တွေအပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ခိုင်စိုးနိုင်အောင်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့လည်း တက်ရောက်ခဲ့ပါတယ်။
စစ်ကောင်စီဟာ NCA ရှစ်နှစ်မြောက်အခမ်းအနား ကို အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခုနှစ်ဖွဲ့ တက်ရောက်ခဲ့ပြီး လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ NCA မှာ ပါဝင်လက်မှတ်ထိုးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောခဲ့ပါတယ်။
ပုံစာ – NCA နှစ်ပတ်လည်ပွဲ တက်ရောက်လာတဲ့ လက်နက်ကိုင်ခေါင်းဆောင်များ
ဓာတ်ပုံ – MOI

