ရန်ကုန်၊ ၂၀၂၃ မေ ၂၆ (မော်ကွန်း)
အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းဟာ ယခုသီတင်းပတ်အတွင်း ပြန်လည်မြင့်တက်လာတယ်လို့ ငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ်လုပ်ကိုင်နေသူတွေကပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၉ ရက်က ၂,၈၀၀ ကျပ်ဝန်းကျင်မှာရှိနေတဲ့အမေရိကန်ဒေါ်လာဈေးဟာ တစ်ပတ်အတွင်း ၂,၉၅၀ ကျပ် ထိမြင့်တက်ခဲ့တယ်လို့ ငွေကြေးအရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
” အခုရက်ပိုင်းမှာအဝယ်လိုက်နေတယ်။ ဈေးတက်မှာဆိုပြီး လိုက်ဝယ်ကြသူတွေရှိတယ်။ အချို့လည်း ကုန်ပစ္စည်းတင်သွင်းဖို့အတွက် ဝယ်တာတွေရှိတယ်” လို့ သူက ပြောပါတယ်။
ယခုရက်ပိုင်းအတွင်း ငွေကြေးအရောင်းအဝယ်ဈေးကွက်မှာ ဒေါ်လာအဝယ်လိုက်လာလို့ ဈေးဆက်လက်မြင့်တက်မယ်လို့ သုံးသပ်မှုတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။
ဒေါ်လာဈေး ပြန်လည်မြင့်တက်လာတာကြောင့် ဒေါ်လာနဲ့ အရောင်းအဝယ်ပြုလုပ်ရတဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေအနေနဲ့ ဒေါ်လာကို ကြိုတင်ဝယ်ယူစုဆောင်းမှုတွေလည်း ရှိလာတယ်လို့ ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
” အပြင်မှာ ဘဏ်တွေက ငွေသားထုတ်မပေးတော့ဘူး။ ကန့်သတ်ချက်တွေရှိလာတယ်ဆိုပြီး သတင်းတွေထွက်လာတယ်။ အဲဒီသတင်းတွေ မှန်၊မမှန် သေချာတော့မသိဘူးပေါ့။ ကုန်သည်တွေဘက်ကလည်း ဈေးတက်မယ်ကြားတော့ ကြိုပြီး လိုက်ဝယ်ကြတယ်” လို့ အဆိုပါ ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင်က ပြောပါတယ်။
ပြင်ပမှာကောလာဟလသတင်းတွေထုတ်လွှင့်ပြီး ငွေလဲလှယ်နှုန်းမြင့်တက်အောင် ဈေးကစားခြင်းပြုလုပ်သူတွေရှိပြီး ထိရောက်စွာအရေးယူသွားမယ်လို့ စစ်ကောင်စီဗဟိုဘဏ်ကသတင်းထုတ်ပြန်ထားပါတယ်။
ဗဟိုဘဏ်ဟာ တစ်ဒေါ်လာကို ၂,၁၀၀ ကျပ်အဖြစ် ငွေလဲလှယ်နှုန်းသတ်မှတ်ထားပေမယ့် ငွေလဲကောင်တာအများစုကတော့ ပြင်ပပေါက်ဈေးတွေနဲ့သာ အရောင်းအဝယ်ပြုလုပ်နေတာဖြစ်ပါတယ်။
အခုလို ဒေါ်လာဈေးတက်လာတာကြောင့် စက်သုံးဆီ၊ စားအုန်းဆီ၊ ဆေးဝါး၊ စိုက်ပျိုးရေးသွင်းအား စုကုန်စည်တွေအပါအဝင် ပြည်ပသွင်းကုန်တွေရဲ့ဈေးနှုန်းအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ဒေါ်လာဈေးကွက်လေ့လာသူတွေက ဆိုကြပါတယ်။
Photo – Mawkun
#Dailynews

