မယ်လ – ၂၀၂၄ စက်တင်ဘာ ၄ (မော်ကွန်း)
ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံဘက်ခြမ်း မယ်လဒုက္ခသည်စခန်းမှာ အရေပြားအနာကူးစက်မှုတွေ မိသားစုအလိုက်ဖြစ်နေတယ်လို့ မယ်လဒုက္ခသည်စခန်းမှာနေထိုင်သူတွေဆီက သတင်းရရှိပါတယ်။
မယ်လဒုက္ခသည်စခန်း၊ Zone – B ဘက်မှာ အခုလို မိသားစုအလိုက်ကူးစက်နေကြတာဖြစ်ပြီး အရေပြားတွေ ယားတာ၊ အနာဖြစ်လာတာနဲ့ အဖုတွေထွက်လာတာတွေ ခံစားနေရတယ်လို့ ဒုက္ခသည်စခန်းမှာ နေထိုင်သူတစ်ဦးကဆိုပါတယ်။
ကလေးတွေမှာ အဖြစ်များတာကိုတွေ့ရပြီး တစ်ယောက်ဖြစ်ရင် တစ်အိမ်လုံးကို လျှင်မြန်စွာကူးစက်တာကြောင့် အိမ်နီးနားချင်းတွေပါ ကူးစက်ခံနေရတယ်လို့ သူကပြောတယ်။
“တော်တော်ကူးစက်မြန်တာ၊ ကလေးကနေစဖြစ်တာ၊ ဖြစ်တာက ၁၀ရက်လောက်ပဲ ရှိသေးတယ်၊ ကျွန်တော်တို့ကလေးတွေ၊ အိမ်နီးနားချင်းက အိမ်တွေဖြစ်ကုန်ပြီ။ ကျွန်တော်တို့ရပ်ကွက်မှာဆို တော်တော်ဖြစ်တယ်။ အခြားရပ်ကွက် မသွားဖြစ်တော့ ဖြစ်လားမဖြစ်လားတော့မသိပါဘူး။ ဆေးခန်းသွားတဲ့သူတွေပြန်လာပြောတာတော့ အခြားရပ်ကွက်တွေလည်း ဖြစ်တယ်လို့ကြားတာပဲ။ စဖြစ်တာကတော့ အလုံးသေးသေးလေးထွက်လာတယ်၊ ပြီးတော့ယားတယ်၊ ယားတော့လက်သည်းနဲ့ကုတ်မိတာပေါ့၊ ပြီးတော့ အလုံးကြီးကြီးဖြစ်လာတယ်၊ အရည်ကြည်ဖု ဖြစ်ပြီးတော့ ပေါက်လာတယ်လို့” ဒုက္ခသည်စခန်းမှာနေထိုင်သူ စောဒူကော်က ပြောပါတယ်။
အရင်နှစ်တွေက ကလေးတွေအရေပြားအနာတွေခံစားရပေမယ့် ဒီလိုအဖြစ်မျိုးတော့ တစ်ခါမှ မကြုံဖူးဘူးလို့လည်း သူကဆိုပါတယ်။
Zone A ဘက်မှာ နေထိုင်သူတစ်ဦးကတော့ သူတို့ဆီမှာလည်း ရာသီတုပ်ကွေးတွေ၊ ဝမ်းရောဂါနဲ့ လည်ချောင်းနာတာတွေ အဖြစ်များတယ်လို့ ပြောတယ်။
ပြီးခဲ့တဲ့လနဲ့ အခုလအတွင်း ဒုက္ခသည်စခန်းနေထိုင်သူတွေကို မော်ကွန်းက ဆက်သွယ်မေးမြန်းမှုမှာ အနာကူးစက်မှုတွေ ပိုတိုးလာတယ်လို့ သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကတော့ လက်ရှိနိုင်ငံတချို့မှာ မျောက်ကျောက်ရောဂါလို့ခေါ်တဲ့ အရေပြားရောဂါဖြစ်ပွားနေပြီး ဒီရောဂါဟာ အာဖရိက ၁၁ နိုင်ငံမှာ ၁၉၇၀ လောက်ကစပြီး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
မျောက်ကျောက်ကို ကူးစက်နိုင်တဲ့ ဦးစားပေးရောဂါပိုးလို့ WHO ကသတ်မှတ်ထားပြီး ၂၀၂၂ မေလက စတင်လို့ ဖြစ်ပွားနိုင်ခြေနည်းတဲ့ နိုင်ငံတချို့မှာ စတင်တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။
အခုလ ၂၁ ရက်မှာတော့ ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါကို ပထမဆုံးတွေ့ရှိရကြောင်း WHO က က ကြေညာခဲ့ကာ ထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့ ဒေါနတောင်တန်း၊ ကော်သူးလေဒေသထဲမှာလည်း အရေပြားအနာကူးစက်မှုတွေ မြင့်တက်လာနေပါတယ်။
မယ်လဒုက္ခသည်စခန်းအပါအဝင် စစ်ရှောင်စခန်းတချို့နဲ့ ဒုက္ခသည်စခန်းတွေမှာလည်း အရေပြားအနာကူးစက်မှုတွေရှိနေကြောင်း ကနဦးသတင်းတွေ ရရှိနေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
မယ်လဒုက္ခသည်စခန်းဟာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့မှာရှိပြီး မဲဆောက်မြို့နဲ့ ၃၇ မိုင်ဝန်းကျင် ဝေးကွာပါတယ်။
ပုံစာ – မယ်လဒုက္ခသည်စခန်း ကလေးငယ်တွေမှာ တွေ့ရတဲ့ အရေပြားအနာများ
ဓါတ်ပုံ – Mawkun Magazine
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

