ရန်ကုန်-၂၀၂၃ မေ ၁၄ (မော်ကွန်း)
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် ဆန်ဆိုင်း (ခ) ရပ်ကွက်မှာ ဒီကနေ့မနက်ပိုင်းက မိုးအဆက်မပြတ်ရွာလို့ မြေပြိုကျပြီး အိပ်ပျော်နေတဲ့လင်မယား သေဆုံးခဲ့တယ်လို့ ဦးလှမိုး လူမှုကူညီရေးအသင်းက တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။
“ည ၁ နာရီလောက်ကနေစပြီး မိုးအဆက်မပြတ်ရွာတာ၊ မြေပြိုတာကတော့ အနီးနားကလူတွေခန့်မှန်းတာက သုံးနာရီလောက်ကပြိုတာပေါ့။ အစ်ကိုတို့သွားတော့ အထဲမှာ အိပ်နေတဲ့လူနှစ်ယောက်ပျောက်နေတာပေါ့။ အဲ့တာနဲ့ အခြားအဖွဲ့အစည်းတွေလည်း ရောက်လာပြီးတော့ စက်တွေနဲ့ ဝိုင်းပြီးရှာဖွေကယ်ဆယ်ရေးလုပ်တော့ ၈နာရီဝန်းကျင်လောက်မှာ အလောင်းစတွေ့တယ်။ ဆုံးတာက လင်မယားနှစ်ယောက်။ ၃:၀၀ နာရီလောက်ဆိုတော့ အိပ်နေရင်းပါသွားတာ၊ အလောင်းတွေကို တာချီလိတ်ဆေးရုံကြီးမှာ ထားထားတယ်” လို့ပြောပါတယ်။
သေဆုံးခဲ့တဲ့လင်မယားနှစ်ယောက်မှာ ယောက်ျားဖြစ်သူက အသက်သုံးဆယ်ဝန်းကျင်ရှိပြီး မိန်းမဖြစ်သူက ၂၂ နှစ်လို့ သိရပါတယ်။
အဲဒီမြေပြိုမှုဖြစ်ခဲ့တဲ့နေရာဟာ ရပ်ကွက်သစ်ဆောက်တဲ့နေရာက အလုပ်သမားလိုင်းခန်းတွေဖြစ်ပြီး ယာယီသွပ်မိုးနဲ့ မြေကမ်းပါးမှာ တဲထိုးနေကြတာဖြစ်တယ်လို့သိရပါတယ်။
မိုး/ဇလကလည်း လက်ရှိဖြစ်ပေါ်နေတဲ့ မိုခါမုန်တိုင်းကြောင့် မိုးကြီးတာ၊ လေပြင်းတိုက်တာ၊ရေကြီးတာနဲ့အတူ မြေပြိုတာပါဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုဖို့ ထုတ်ပြန်ထားပါတယ်။
ပုံ-မြေပြိုသည့်နေရာကို ရှာဖွေကယ်ဆယ်ရေးလုပ်နေပုံ
Photo – ဦးလှမိုး လူမှုကူညီရေးအသင်း
#Dailynews

