မန္တလေး-၂၀၂၃ ဒီဇင်ဘာ ၂၁ (မော်ကွန်း)
မန္တလေးမြို့၊ နန်းတွင်းထဲမှာရှိတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မြို့ပြပျောက်ကြားအဖွဲ့တွေ ဒီနေ့မနက် ၂ နာရီခွဲဝန်းကျင်က ရှော့တိုက်ဒုံး ခြောက်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေက ကျုံးပတ်လည်မှာရှိတဲ့ လူနေရပ်ကွက်တွေကို လက်ရှိအချိန်ထိ ဝင်ရောက်စစ်ဆေးနေတယ်လို့ ကျုံးအနီးမှာ နေထိုင်သူတွေက မော်ကွန်းကိုပြောပါတယ်။
“ညကငါးချက်လောက် ဝုန်းဝုန်းနဲ့ အသံတွေကြားရတယ်။ ပေါက်ကွဲသံကြားပြီးပြီးချင်းပဲ နန်းတွင်းထဲကနေ ဒရုန်းတွေပျံလာတာ။ ဒရုန်းနဲ့ ရှာတာပေါ့။ အခုမနက်တော့ အောင်မြေသာစံအနောက်နဲ့ မြောက်ခြမ်းတွေက ရပ်ကွက်တွေဝင်စစ်တာ။ ကမ်းနားဘက်တွေလည်း စစ်တယ်လို့ကြားတယ်၊ တခြားမြို့နယ်တွေတော့ စစ်မစစ်သေချာမသိဘူး” လို့ ကျုံးအနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေကကျုံးအနီးက ရပ်ကွက်တွေထဲကို လိုက်လံစစ်ဆေးနေပြီး ဖမ်းဆီးခံရသူရှိ၊ မရှိကိုတော့ မသိရသေးဘူးလို့ အစစ်ဆေးခံခဲ့ရတဲ့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
“ခုနက ငါတို့ဆီလာစစ်နေလို့၊ ဧည့်သည်ရှိလား၊ ဘာလားမေးတာပေါ့ကွာ။ (စစ်ကောင်စီတပ်သား)၁၅ ယောက်လောက်ရှိတယ်။ ညက သူတို့ထိတာတော့ ထိပုံရတယ်။ နန်းတွင်းထဲဆေးရုံရှိတော့ အပြင်ထွက်မလာတော့ သေချာမသိရဘူးပေါ့။ မြို့တွင်းမှာတော့ အစစ်ဆေးက အရင်နေ့တွေလိုပဲ၊ ပုံမှန်ပါပဲ” လို့ သူကပြောပါတယ်။
နန်းတွင်းထဲက စစ်ဌာနချုပ်ကို ပစ်ခတ်တိုက်ခိုက်မှုကို Brave Warriors for Myanmar(BWM) အဖွဲ့ရဲ့ စီမံပံ့ပိုးမှုနဲ့ မြို့ပြအထူးစစ်ဆင်ရေး U.S.O အောက်က မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ MDY-SSTF၊ ပြင်ဦးလွင်ခရိုင် ပကဖနဲ့ NMD-PDF အဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ BWM အဖွဲ့က ဒီနေ့မနက်ပိုင်းမှာထုတ်ပြန်ထားပါတယ်။
နန်းတွင်းထဲကို ရှော့တိုက်ဒုံး ခြောက်လုံးနဲ့တိုက်ခိုက်ခဲ့ပေမယ့် တစ်လုံးက ပစ္စည်းချို့ယွင်းမှုကြောင့် ပေါက်ကွဲမှုမဖြစ်ခဲ့လို့ ငါးလုံးသာ အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ BWM အဖွဲ့က ဆိုထားပြီး စစ်ကောင်စီတပ်စခန်းထိခိုက်ပျက်စီးမှုနဲ့ သေဆုံးမှုအခြေအနေကို ဆက်လက်စုံစမ်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာလည်း နန်းတွင်းထဲက စစ်ကောင်စီတပ်ရဲ့ အလယ်ပိုင်းတိုင်း ဌာနချုပ် တိုက်ခိုက်ခံရကြောင်းသတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။
ပုံစာ-ဒီနေ့မနက်အစောပိုင်းက ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိတဲ့ မန္တလေးနန်းတွင်းအား အပြင်မှ မြင်တွေ့ရစဉ်။
Photo – Supplied

