ယင်းမာပင် − ၂၀၂၃ မေ ၁၄ (မော်ကွန်း)
စစ်ကိုင်းတိုင်းမှာ မိုခါဆိုင်ကလုန်းရှိနေပေမယ့်လည်း စစ်ကြောင်းထိုးလို့ ပြည်သူတွေ မိုးထဲလေထဲပြေးနေရချိန် စစ်တပ်က လက်နက်ကြီးတွေနဲ့ပါ မုံရွာမြို့ကနေ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ−မုံရွာ)ကနေ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက ယင်းမာပင်နဲ့ကနီနယ်က ရွာတွေဆီကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာပါ။
မုံရွာ−နမခကနေ ၁၂၀ မမ၊ အဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး”ယင်းမာပင်မြောက်ခြမ်းကရွာတွေဆီကို လက်နက်ကြီးတွေကျသွားတယ်”လို့ ဒေသခံကမော်ကွန်းကိုပြောပါတယ်။
မုံရွာ၊ ယင်းမာပင်၊ ဆားလင်းကြီးနယ်တွေမှာ မိုးတွေသည်းထန်စွာရွာနေပေမယ့် အာဏာသိမ်းစစ်တပ်ဘက်ကတော့ စစ်ကြောင်းထိုးမှုတွေကို မရပ်နားဘူးလို့ ဒေသခံကပြောပါတယ်။
လတ်တလော လက်နက်ကြီးတွေပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုအခြေအနေတွေမသိရသေးဘဲ စည်သူရွာနဲ့ နဘူးတောရွာတွေကို ထိမှန်ထားပါတယ်။
ကနီမြို့နယ်၊ မင်းမရွာမှာ ဒီနေ့မနက်ကတည်းက တိုက်ပွဲတွေဖြစ်ပွားနေပြီး ရာသီဥတုအခြေအနေကြောင့် လေကြောင်းစစ်မကူနိုင်လို့ လက်နက်ကြီးနဲ့ပစ်ခတ်နေတာဖြစ်နိုင်ကြောင်း ဒေသခံတွေက ယူဆကြပါတယ်။
“ဒါပေမဲ့ မင်းမရွာကို မုံရွာကနေ ဘယ်လောက်ထုထု အဲလက်နက်ကြီးမရောက်နိုင်ဘူး”လို့ ဒေသခံကပြောပါတယ်။
လတ်တလောမှာ မုန်တိုင်းနဲ့ စစ်ကြောင်းထိုးတဲ့ကြားမှာ ကျွဲရဲ၊ တောင်ပလူ၊ သမန္တာရွာတွေပါ ထွက်ပြေးနေကြရတယ်လို့ ဒေသခံကပြောပါတယ်။
ပုံစာ − ဒီကနေ့ ယင်းမာပင်၊ ကနီနယ်က ပြည်သူတွေ မုန်တိုင်းကြားမှာ ထွက်ပြေးနေရစဉ်
ဓါတ်ပုံ − Pyae Aung Naing Kani
#Dailynews

