ပေါက်တော- ၂၀၂၃၊ ဇွန် ၂၁ (မော်ကွန်း)
မိုခါမုန်တိုင်းအလွန်တစ်လကျော်အကြာ ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ပိုက်ဆိပ်ကျေးရွာမှာ စားဝတ်နေရေးအကူအညီအထောက်အပံ့တွေအရေးပေါ်လိုအပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
“ကျွန်တော်တို့ရွာက ဘင်္ဂလားပင်လယ်အော်နဲ့ ပေ ၅၀ ပဲဝေးတယ်။ ရေလမ်းနဲ့ပဲသွားရတာ။ အဲဒီတော့အကူအညီတွေကလည်းမရောက်နိုင်ဘူး၊ ငါးတွေလည်းအရင်ကလောက်မရတော့ဘူး။ စားဝတ်နေရေးကလည်းဖြစ်သလိုစားနေရတာ” လို့ ကြိမ်ခွေမော်ပိုက်ဆိပ်ရွာအုပ်ချုပ်ရေးမှူးက ဒီနေ့လယ်မှာပြောပါတယ်။
ကြိမ်ခွေမော်ပိုက်ဆိပ်ရွာမှာ အိမ်ခြေ ၈၀ ကျော်သာရှိပြီး လူဦးရေ ၃၈၀ ကျော်နေထိုင်ကြတဲ့ တံငါရွာလေးပါ။ မိုခါမုန်တိုင်းကြောင်း ကြိမ်ခွေမော်ပိုက်ဆိပ်တိုက်ရွာမှာအိမ်ခြေအားလုံးနီးပါးထိခိုက်ပျက်စီးသွားတယ်လို့သူကပြောပါတယ်။
မိုခါမုန်တိုင်းဖြစ်ပြီးတော့အဲ့ဒီရွာကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က တစ်အိမ်ကျပ်တစ်သောင်းခွဲနဲ့ စစ်ကောင်စီက တစ်အိမ်ကို ဆန်တစ်ပြည်ပေးဝေခဲ့တာတွေရှိခဲ့ပေမယ့် စားဝတ်နေရေးအကူအညီလိုအပ်ချက်တွေကတော့မြင့်မားနေဆဲပဲလို့ အဲဒီရွာရဲ့အုပ်ချုပ်ရေးမှူးကပြောပါတယ်။
အဲဒီရွာမှာ ငါးဖမ်းလုပ်ငန်းကိုပဲအဓိကလုပ်ကိုင်ကြတာပါ။ ရွာအနီးအနားမြစ်ချောင်းတွေကငါးတွေဖမ်းပြီးပြန်ရောင်းကာ စားဝတ်နေရေးအတွက်ဖြေရှင်းကြတာပါ။ အခုဆိုမုန်တိုင်းမဖြစ်ခင်ကလောက် ငါးတွေသိပ်မရတော့လို့စားဝတ်နေရေးအခက်တွေ့နေတယ်လို့ဆိုပါတယ်။
သောက်ရေကန်နဲ့သုံးရေကန် နှစ်ကန်စလုံးလည်း ဆားငံရေတွေအခုချိန်ထိမစုတ်ထုတ်နိုင်သေးတာကြောင့် ရွာမြောက်ပိုင်းက ကုန်းလမ်းနဲ့ဆို တစ်နာရီခရီးဝေးတဲ့ ကြိမ်ခွေမော်ရွာကနေသောက်သုံးရေသွားခတ်ရတယ်လို့ဒေသခံတွေကပြောပါတယ်။
“ဥူးဇင်းတို့ဆီမှာ သောက်ရေကန်ခုနစ်ကန်ထဲမှာ တစ်ကန်ပဲအကောင်းတိုင်းကျန်ခဲ့တယ်။ အနီးအနားကရွာတွေကဥူးဇင်းတို့ဆီလာခပ်ကြတာ။ ကြိမ်ခွေမော်ပိုက်ဆိပ်တို့လိုရွာတွေကလူတွေလည်းလာခတ်ကြတယ်” လို့ ကြိမ်ခွေမော်ရွာဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ကမိန့်ပါတယ်။
ကြိမ်ခွေမော်ရွာမှာဆိုလည်း မိုခါမုန်တိုင်းကြောင့် ကျွဲ၊နွား ရာချီသေခဲ့ပြီး မိုးစပါးအတွက်သိုလှောင်ထားတဲ့စပါးကျီတွေလည်းပါသွားလို့ စားဝတ်နေရေးဖြစ်သလိုဖြေရှင်းနေကြရပြီးဒီနေ့ထိ ပြည်တွင်းပြည်ပဘာအကူအညီမှရောက်မလာသေးဘူးလို့ ဆရာတော်ကမိန့်ပါတယ်။
အကူအညီပေးရေးအစီအစဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းသွားလာခွင့်ကိုရပ်ဆိုင်းထားဆဲဖြစ်ပြီး အကူအညီလိုအပ်နေတဲ့လေးဘေးသင့်ရခိုင်ပြည်သူတွေထံကို အကူအညီတွေအမြန်ဆုံးရောက်နိုင်ဖို့ နေပြည်တော် နဲ့ ရခိုင်ပြည်နယ်က စစ်ကောင်စီခန့်ဝန်ကြီးတွေ ကုလသမဂ္ဂအဖွဲ့အစည်းအကြီးအကဲတွေတွေ့ဆုံဆွေးနွေးနေဆဲပဲလို့ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံးက ပြီးခဲ့တဲ့ ဇွန် ၁၉ မှာထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်မှာ ကြိမ်ခွေမော်ပိုက်ဆိပ် နဲ့ ကြိမ်ခွေမော်ကျေးရွာတို့လိုရွာတွေအပါအဝင် ပြည်နယ်တစ်ခုလုံးလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ အရေးပါ်စားနပ်ရိက္ခာနဲ့ အမိုးအကာအထောက်အပံ့တွေအရေးပေါ်လိုအပ်နေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ထုတ်ပြန်ထားပါတယ်။
အဲဒီထဲမှာ ပေါက်တောမြို့နယ်လည်းအပါအဝင်ဖြစ်ပြီး မိုခါမုန်တိုင်းကြောင့်အထိအခိုက်ပျက်စီးအများဆုံးမြို့နယ်တွေထဲကတစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပုံစာ- ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ပိုက်ဆိပ်ရွာပြမြေပုံ
#Dailynews

