ရန်ကုန် – ၂၀၂၀ မတ် ၁၀ (မော်ကွန်း)
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့၏ စစ်ရေးပဋိပက္ခများကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ရိက္ခာသယ်ယူခွင့် ဖြတ်တောက်ခံထားရသည့်အတွက် စားနပ်ရိက္ခာသယ်ယူရေးကော်မတီကို ပလက်ဝဒေသခံများဖြင့် မတ်လ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည်ဟု ကော်မတီဥက္ကဋ္ဌ ဦးစိန်ထွန်းလှက ပြောသည်။
ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ်သည် ရေမိုင် ၄၀ ခန့်ကွာဝေးသော်လည်း တိုက်ပွဲများကြောင့် ရေယာဉ်နှင့် ကားများသွားလာ၍ မရသည်မှာ တစ်လကျော်ပြီဖြစ်ပြီး ပလက်ဝမြို့နှင့် မတူပီမြို့သည် ကားလမ်းမိုင် ၁၃၅ မိုင် ကွာဝေးသောကြောင့် ဆိုင်ကယ်များဖြင့်သာ သွားလာနေရသည့်အတွက် လမ်းပန်းဆက်သွယ်ရေးနှင့် စားနပ်ရိက္ခာသယ်ယူရေး ခက်ခဲလျက်ရှိသည်ဟု ပလက်ဝဒေသခံများက ပြောသည်။
စားနပ်ရိက္ခာပြတ်လပ်မှုများ ဆက်လက်ရင်ဆိုင်နေရပါက ခိုး၊ ဆိုး၊ လုယက်မှုများ ပေါ်ပေါက်လာမည် ဖြစ်သည့်အတွက် ယခုကော်မတီကိုဖွဲ့စည်းရခြင်းဖြစ်သည်ဟု ဦးစိန်ထွန်းလှကရှင်းပြသည်။
ထိုကော်မတီကို ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ အစရှိသည့် အဖွဲ့အစည်းပေါင်းစုံဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ကော်မတီဝင် ၁၇ ဦး ပါဝင်သည်ဟု ၎င်းကပြောသည်။
လွတ်လပ်စွာ ခရီးသွားလာခြင်း၊ ဆေးဝါးများဝယ်ယူခြင်း၊ ကုန်သွယ်ခြင်း၊ စားနပ်ရိက္ခာများ သယ်ယူရေး အခက်အခဲများ ကြုံတွေ့နေရပြီး မြို့နယ်အတွင်း စားနပ်ရိက္ခာများ ရှားပါးပြတ်လပ်ခြင်း၊ ကုန်ဈေးနှုန်းများ အဆမတန်မြင့်မားလာခြင်းဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရမှုများညှိနှိုင်းဖြေရှင်းရန် ၎င်းကော်မတီက စည်းဝေးဆုံးဖြတ်ခဲ့ကြသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ လိုအပ်သော ဆန်နှင့် စားနပ်ရိက္ခာများကို ၂ဝ၂ဝ ၊ မတ်လအတွင်း ပလက်ဝမြို့နယ်သို့ သယ်ယူသွားမည်ဖြစ်ပြီး သက်ဆိုင်သူများသို့ မေတ္တာရပ်ခံ အသိပေးတင်ပြသွားမည်ဟု ဦးစိန်ထွန်းလှက ပြောသည်။