မိုးကုတ် – ၂၀၂၃ မေ ၁၀ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ အေးစေတီရပ်ကွက်မှာ ဒီနေ့မနက် ၂:၀၀ နာရီအချိန်က အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပစ်ခတ်မှုဖြစ်ပွါးကြချိန် အသက် ၁၀နှစ်အရွယ် မိန်းကလေးတစ်ဦး လည်ပင်းကိုလက်နက်ကြီးစထိမှန်ခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။
” လက်နက်ကြီးနဲ့ပစ်တာ၊ အသံကမိုးချိန်းနေတဲ့အသံလိုပဲ၊ အိမ်ခေါင်မိုးပွင့်သွားတာကို အိပ်နေတဲ့ကလေးလည်ပင်းနားကိုထိသွားတာ၊ မနက်မိုးလင်းမှဆေးရုံခေါ်သွားရတယ်၊ ခုထိမသက်သာသေးဘူး”လို့ အမည်မဖော်လိုတဲ့ရပ်ကွက်ဒေသခံတစ်ဦးကပြောပါတယ်။
လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် အနီးနားနေအိမ်တွေထိမှန်ပျက်စီးတာတွေရှိခဲ့တယ်လို့ သူကပြောပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း အောင်သုခရပ်ကွက်၊ဓမ္မရက္ခိတဘုန်းကြီးကျောင်းဝင်းနားကအဆောင်မှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဒီနေ့မနက် ၂:၀၀ နာရီဝန်းကျင်ကနေ မနက် ၄:၀၀ နာရီထိ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ဒေသခံတွေကပြောပါတယ်။
” အသံတွေစကြားကတည်းကမအိပ်ရတော့တာ၊ မိုးလင်းတဲ့ထိပဲ၊ လက်နက်ကြီးပစ်သံကော၊ အတွဲလိုက်ပစ်တဲ့အသံကောကြားရတယ်၊ မှောင်နေတော့ဘယ်သူမှထွက်မကြည့်ရဲကြဘူး”လို့ အနီးနားရပ်ကွက်နေဒေသခံတစ်ဦးကပြောပါတယ်။
နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုအခြေနေကိုလည်းမသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကလည်း မိုးကုတ်မှာ အာဏာသိမ်းစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွါးခဲ့ပါသေးတယ်။
#Dailynews

