ဆားလင်းကြီး -၂၀၂၃ မတ် ၂၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဒေသတော်လှန်ရေးပြောက်ကျားတပ်ဖွဲ့တွေက တိုက်ခိုက်လို့ ဒဏ်ရာရတဲ့ အာဏာသိမ်းစစ်တပ်၊ စစ်သားတချို့ကို ဒီကနေ့ညနေမှာ စက်လှေတွေနဲ့ လမ်းတလျှောက်မှာ သေနတ်တွေထောင်ဖောက်ပြီး မုံရွာမြို့ကို သယ်ဆောင်သွားကြောင်း ဒေသခံတွေဆီကသိရပါတယ်။
“ဒဏ်ရာရတဲ့ စခတွေက ၂၇ ရက်နေ့ညက ပြောက်ကျားတပ်ဖွဲ့တွေရဲ့တိုက်ခိုက်တာကိုခံခဲ့ရတာ၊ ဒရုန်းကိုဗုံးသီးချိတ်ပြီးချတာ”လို့ ဒေသခံကပြောပါတယ်။
လိုက်ပို့ရတဲ့စက်လှေတွေဟာ မုံရွာမြို့၊ နန်ချွန်လှေဆိပ်ကနေ အာဏာသိမ်းစစ်တပ်က အချောဆွဲလာတဲ့စက်လှေတွေဖြစ်ပြီး ခုလည်း ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းရွာကို ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဆားလင်းကြီးမြို့နယ်မှာ ဒီကနေ့ နံနက် ၇း၀၀ နာရီလောက်ကစလို့ အာဏာသိမ်းစစ်တပ်က အင်အား ၁၀၀ လောက်နဲ့ ချင်းတွင်းမြစ်ကမ်းတစ်လျှောက် စစ်ကြောင်းထိုးနေပြီး ညနေ ၄း၃၀ လောက်မှာ လက်ပံတောင်းရွာကိုရောက်ခဲ့ကာ ဒဏ်ရာရတဲ့စစ်သားတွေကို မုံရွာကလာခေါ်တဲ့ အထက်ပါစက်လှေတွေနဲ့တင်ပေးခဲ့တာလို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေလို့ ဆားလင်းကြီးမြို့နယ်က ထန်းပု၊ထန်းဇင်၊သဲကောကြီး၊ဖောင်းကတာ၊ ဝဲကြီး၊ဝဲကွဲ၊တုံ၊ထန်းတောကြီး၊ လက်ပံတောင်း၊ပလောင်၊ရွှေလှေရွာစတဲ့ကျေးရွာတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင်ခန့်မှန်းခြေ ၉,၀၀၀ လောက်ရှိတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေက ဆိုပါတယ်။
ပုံစာ – ယနေ့ညနေ ဒဏ်ရာရအာဏာသိမ်းစစ်တပ်၊ စစ်သားတွေကို တင်လာတဲ့ စက်လှေများ။
ဓါတ်ပုံ – အညာပစ်တိုင်းထောင်လေးများ
#Dailynews

