အင်းတော်-၂၀၂၂ ဒီဇင်ဘာ ၂၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အလယ်ဆိပ်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက မနေ့က လေကြောင်းတိုက်ခိုက်မှုလုပ်ပြီး မီးရှို့ဖျက်ဆီးသွားတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“လေယာဉ်နဲ့ပစ်တာ ရှစ်ချက်လောက်ရှိတယ်၊ပြီးတော့ အလယ်ဆိပ်ရွာကိုမီးရှို့တယ်၊ အိမ်တော်တော်များများ မီးထဲပါသွားတယ်။ လူအသေအပျောက်တော့မသိသေးဘူး၊ ပြေးနေရလို့။ မနေ့ကလည်း လက်နက်ကြီးကျတာ ရွာသား သုံးယောက်ထိတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အဲဒီမီးရှို့မှုကြောင့် အလယ်ဆိပ်ရွာက ဈေးဆိုင်ခန်းခြောက်ခန်း၊ စာကြည့်တိုက်တစ်လုံး၊ နေအိမ် ၂၆ လုံးနဲ့ စပါးတင်းပေါင်း ထောင်ချီမီးလောင်ပျက်ဆီးသွားတယ်လို့ Indaw Revolution-IR က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်က KIA၊ အင်းတော်PDF ပူးပေါင်းတပ်တွေနဲ့ အင်အားတစ်ရာကျော်ရှိတဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေက မိုးလှိုင်းကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၁၆ လုံး မီးလောင်ပျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ မဲဇာရွာ၊ နန့်သဲရွာနဲ့ အလယ်ဆိပ်ရွာက ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
#Dailynews

