မင်းပြား-၂၀၂၄ သြဂုတ် ၂၉ ( မော်ကွန်း)
အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ စစ်ကျန်မြေမြှုပ်မိုင်းတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ မကြာခဏရှိလာတာကြောင့် ဒီမိုင်းတွေကိုရှင်းလင်းပေးဖို့ ဒေသခံတွေက ဆန္ဒ ရှိနေကြပါတယ်။
AA ထိန်းချုပ်ထားတဲ့ မင်းပြားနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ဇူလိုင်နဲ့ သြဂုတ်လအတွင်း မြေမြှုပ်မိုင်းနင်းမိပြီး အရပ်သားနှစ်ဦးသေဆုံးခဲ့သလို နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။
ဒီလ ၂၄ ရက်တုန်းက ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာက အသက် ၃၇ နှစ်အရွယ် ကိုမောင်ကျော်ဌေးဆိုသူဟာ ရွာအနီးမှာသွားလာနေစဉ် မိုင်းမိသွားတာကြောင့် ညာဖက်ခြေထောက်ပြတ်ထွက်သွားပါတယ်။ ဒဏ်ရာရနေတဲ့သူကို ဆေးရုံပို့ပေးခဲ့ပေမယ့် သွေးထွက်လွန်သွားတာကြောင့် လမ်းမှာတင်သေဆုံးခဲ့ရပါတယ်။
အလားတူ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးက ဖားပြိုကျေးရွာမှာနေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် ကိုမောင်ဆန်းသိန်း ဆိုရင်လည်း ဇူလိုင် ၇ ရက်က ရွာနဲ့သုံးမိုင်လောက်ဝေးတဲ့ ဖားပြိုတောင်ပေါ်မှာ မျှစ်ချိုးသွားရင်း မိုင်းနင်းမိခဲ့တာကြောင့် နေရာမှာတင်သေဆုံးခဲ့ပါတယ်။
အဲဒီတောင်တန်းမှာ ၂၀၁၉ ကတည်းက စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်ခဲ့ဖူးပြီး အဲဒီကာလတွေကတည်းက မိုင်းနင်းမိလို့ ဒေသခံအရပ်သားတွေ ထိခိုက်သေဆုံးတာတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဇူလိုင် ၁၁ ရက်ကလည်း မင်းပြားမြို့၊ အောင်သာယာရပ်ကွက်က ကိုအောင်သာချေ ဆိုသူဟာ မင်းပြားအခြေစိုက် ခမရ(၃၇၉)အနီး မျှစ်ချိုးနေစဉ် မိုင်းနင်းမိပြီး ဘယ်ဘက်ခြေပြတ်သွားခဲ့သလို မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာက ကိုထွန်းနိုင်စိုး ဆိုသူဟာလည်း စစ်ကောင်စီတပ်စွဲနေထိုင်ခဲ့ဖူးတဲ့ တောင်ဖြူတောင်ပေါ်ကို မျှစ်ချိုးသွားစဉ် မိုင်းနင်းမိပြီး ညာဖက်ခြေထောက် ပြတ်တောက်သွားခဲ့ပါတယ်။
” အဲဒီနေ့ကဆို ကိုယ့်ကိုကိုယ် သေပြီလို့တောင်ထင်ထားတာ။ သွားနေရင်း ‘ဂျိမ်း’ ဆိုပြီး ထပေါက်တော့ ကျွန်တော် မှောက်လဲသွားတယ်။ ခဏနေတော့ သတိပြန်ဝင်လာပြီး အောက်ကိုငုံ့ကြည့်လိုက်တော့ ခြေတစ်ဖက်မရှိတော့ဘူး။ အဲဒီအချိန်မှာ ကျွန်တော်တန်းသတိရသွားတာက အိမ်မှာကျန်ခဲ့တဲ့ ကျွန်တော့မိသားစုပဲ။ ငါသေရင် သူတို့ဒုက္ခရောက်မယ်ဆိုတဲ့ အသိစိတ်ဝင်ပြီး မနည်းအားတင်းခဲ့ရတယ်” လို့ ကိုထွန်းနိုင်စိုးက ကြုံခဲ့ရပုံကို ပြောပါတယ်။
ရခိုင်ပြည်နယ်က လက်လုပ်လက်စား ပြည်သူတွေဟာ တောတောင်တွေကို အဓိကမှီခိုအားထားကာ ရှာဖွေစားသောက် ရှင်သန်နေရတာဖြစ်ပြီး မြင့်တက်နေတဲ့ ဒီလိုမိုင်းအန္တရာယ်ကြောင့် လုပ်ကိုင်စားသောက်ဖို့ အခက်အခဲတွေ ကြုံနေကြရတယ် လို့ ဒေသခံတစ်ချို့က ပြောပါတယ်။
” မိုးရာသီဆို မျှစ်ချိုးတယ်။ ပွင့်လင်းရာသီဆို ထင်းခုတ်တယ်။ တောတောင်ကိုပဲ မှီခိုနေရတာ။ အဲဒီလိုမျိုး မိုင်းနင်းပြီး သေတာကိုမြင်တော့ ကြောက်စိတ်တွေအရမ်းဝင်တယ်။ AA တပ်တော်ကလည်း စစ်တပ်နေခဲ့တဲ့နေရာတွေကို မသွားလာကြဖို့ တားပါတယ်။ ဒါပေမဲ့ အငတ်မခံနိုင်တော့ မဖြစ်မနေ သွားကြရတာပေါ့” လို့ မင်းပြားမြို့နယ်မှာနေထိုင်တဲ့ လက်လုပ်လက်စား ဒေသခံတစ်ဦးက ပြောပါတယ်။
မိုင်းရှင်းလင်းရေး မလုပ်ပေးနိုင်သေးပေမယ့် အာရက္ခတပ်တော်(AA) အနေနဲ့ စစ်ကောင်စီတပ်ရင်းတွေ၊ စစ်ကောင်စီ စခန်းချနေထိုင်ခဲ့ဖူးတဲ့ နေရာတွေမှာ ” မိုင်းအန္တရာယ် ရှိသည်” ဆိုတဲ့ သတိပေးဆိုင်းဘုတ်တွေကပ်ထားပြီး အသွားအလာမလုပ်ကြဖို့ တားမြစ်ထားတာကို တွေ့ရပါတယ်။
ဒါပေမဲ့ စားဝတ်နေရေးကျပ်တည်းလာတဲ့ ဒေသခံတွေကတော့ ဆိုင်းဘုတ်ထောင် သတိပေးတာထက် တက်နိုင်သမျှ မိုင်းရှင်းပေးဖို့ လိုးလားနေကြတာပါ။
” ဆိုင်းဘုတ်တွေတော့ နေရာအနှံ့ကပ်ထားပါတယ်။ ဒါက အာရက္ခတပ်တော်ကို ကျွန်တော်တို့ ဝေဖန်အပြစ်မြင်တာမျိုးတော့ မဟုတ်ပါဘူး။ AAဘက်ကလည်း မိုင်းရှင်းလင်းပေးဖို့ အဆင်မပြေနိုင်သေးတဲ့ အပိုင်းတွေလည်း ရှိကောင်းရှိမှာပေါ့။ ဒါပေမဲ့ကျွန်တော်တို့ ဒေသခံတွေအနေနဲ့ တောင်းဆိုချင်တာက စစ်ကောင်စီ တပ်ရင်းတွေ(အခြေချခဲ့တဲ့) အကုန်လုံးကို (မိုင်း)ရှင်းလင်းဖို့ မဖြစ်နိင်ရင်တောင် တောတောင်တွေကိုတော့ အဓိကထားပြီး မိုင်းရှင်းလင်းပေးစေချင်ပါတယ် ” လို့ မင်းပြားမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဒီနှစ်အစကနေ ဇွန်လအထိ ထပ်ဆင့်ပေါက်ကွဲစေတဲ့စစ်လက်နက်ပစ္စည်းတွေကြောင့် အရပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး ၆၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂကလေးသူငယ်ရန်ပုံငွေ အဖွဲ့(UNICEF)က ထုတ်ပြန်ထားပါတယ်။ ဒါဟာ ဒီနှစ်အတွင်း တစ်နိုင်ငံလုံးဖြစ်ပွားမှုရဲ့ ၁၂ ရာခိုင်နှုန်းအထိရှိခဲ့တာဖြစ်ပြီး တတိယအများဆုံး ထိခိုက်သေဆုံးမှုလို့ ဆိုပါတယ်။ ဒီအထဲမှာ ကလေး ငါးဦးသေခဲ့သလို ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ လည်း ဆိုပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီနှစ်အစကနေ ဇွန်လအထိ ထပ်ဆင့်ပေါက်ကွဲစေတဲ့ စစ်လက်နက်ပစ္စည်း တွေကြောင့် အရပ်သား ၁၀၂ ဦး သေဆုံးပြီး ၅၉၀ ဒဏ်ရာရခဲ့တယ်လို့ UNICEF က ထုတ်ပြန်ပါတယ်။ အဲဒီအထဲမှာ ကလေးသူငယ် ၄၃ ဦး သေဆုံးခဲ့ပြီး ၁၇၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ မိုင်းအန္တရာယ်အမြင့်ဆုံးဒေသက ရှမ်းပြည်ဖြစ်ပြီး ဒုတိယက စစ်ကိုင်းတိုင်းလို့လည်း ဖော်ပြပါတယ်။
တစ်ကျော့ပြန်စစ်ပွဲစတင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကစပြီး AA ဟာ ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့ရာမှာ အခုအခါမှာတော့ ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝမြို့နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့မောင်တောမြို့နယ်၊ ရခိုင်ပြည်နယ် တောင်ပိုင်းက ရမ်းဗြဲနဲ့ သံတွဲမြို့နယ်တွေကို အပြည့်အဝ သိမ်းပိုက်ထားခဲ့ပါပြီ။
ဒါ့အပြင် လက်ကျန်မြို့နယ်တွေက စစ်ကောင်စီတပ်တွေကို အကုန်ရှင်းလင်းမယ်လို့ AA က ပြောဆိုထားပြီး ထိုးစစ်ဆင်မှုတွေလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။၀
ရခိုင်ပြည်နယ်က စစ်ကောင်စီတပ်စွဲဖူးတဲ့ နေရာတွေမှာ AA က လိုက်လံကပ်ထားတဲ့ မိုင်းသတိပေးဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ်။
ဓါတ်ပုံ- ABN
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

