မြဝတီ – ၂၀၂၃ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း)
ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားမှာ မနေ့ကစလို့ မြန်မာဘက်ကနေ COVID-19 ဆေးလက်မှတ်မပါရင် ဖြတ်သန်းခွင့်မပေးတာကြောင့် လက်မှတ်အမြန်ဈေး တစ်သိန်းနဲ့အထက်ကို ရောက်ရှိခဲ့တယ်လို့ မြေပြင်သတင်းထောက်က သတင်းပို့ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ မြဝတီမြို့က ထွေအုပ်၊ စစ်တပ်၊ ကျန်းမာရေး၊ လ.ဝ.ကတွေပါတဲ့ အစည်းအဝေးကနေ ဒီကန့်သတ်ချက်တွေကို ချမှတ်လိုက်တာဖြစ်ပြီး ထိုင်းနိုင်ငံဘက်က ပြုလုပ်တာမဟုတ်ဘူးလို့ ပွဲစားတွေဆီကသိရပါတယ်။
မြဝတီမြို့မှာနေထိုင်တဲ့ လူပို့ပွဲစားတစ်ဦးကလည်း ချစ်ကြည်ရေးတံတားဂိတ်မှာ ဌာနပေါင်းစုံထိုင်ပြီး အခုလို တမျိုးမဟုတ်တမျိုး ပြုလုပ်နေကျလို့ဆိုပါတယ်။
“ဒီကောင်တွေ အမျိုးမျိုးမရိုးရအောင် ဂွင်ဖန်တာ၊ ဒီဘက်က လက်မှတ်မပါရင် ပေးမဖြတ်ဘူးပြောပြီး ဂွင်ဖြစ်အောင်လုပ်တာ”လို့ သူ့အတွေ့အကြုံကို အဆိုပါပွဲစားကပြောပါတယ်။
မနေ့က နံနက်ပိုင်းမှာတင် ချစ်ကြည်ရေးတံတားဂိတ်မှာ ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ကြမယ့် နယ်တွေကနေ တက်လာတဲ့သူတွေဟာ ကြံရာမရ ပိတ်မိကုန်ကြတာကိုတွေ့ရပါတယ်။
ပွဲစားတွေက ကျန်းမာရေးလက်မှတ်တစ်စောင်ကို အနည်းဆုံး ထိုင်းဘတ် ၁,၀၀၀ နဲ့ မသိနားမလည်တဲ့ ခရီးသွားတွေ၊ အလုပ်လာလုပ်ကြသူတွေကို ရောင်းချနေတာကိုတွေ့ရပြီး တချို့ကလည်း ထိုင်းဘတ် ၂,၀၀၀ အထက်ပေးရတဲ့ အောက်လမ်းကနေ ဝင်ကြရတယ်လို့ ပွဲစားနဲ့ ကြုံတွေ့ရသူတွေဆီကသိရပါတယ်။
လက်ရှိ ငွေလဲနှုန်းက မြန်မာငွေတစ်သိန်းဟာ ထိုင်းဘတ် ၁၃၀၀ ဝန်းကျင်ရှိပါတယ်။
ချစ်ကြည်ရေးတံတား မြန်မာဘက်ခြမ်းမှာ လ.ဝ.က၊ ကျန်းမာရေး၊ ထွေအုပ်၊ ရဲနဲ့ စစ်တပ် ဌာနစုံထိုင်ပြီး ခုနစ်ရက်သက်တမ်းရှိ ယာယီနိုင်ငံကူးလက်မှတ်အတွက် မြန်မာဘက်ခြမ်းမှာ ကျပ်၂,၀၀၀၊ ထိုင်းဘက်ခြမ်းမှာ ဘတ် ခြောက်ဆယ်ပေးဆောင်ပြီး အလွယ်တကူရရှိနိုင်ပါတယ်။
မနေ့ကတော့ ကျန်းမာရေးထောက်ခံချက်ကြောင့် မြဝတီမြို့မှာ သောင်တင်နေရတဲ့ ခရီးသွားတွေအတော်များများရှိခဲ့တယ်လို့ ပွဲစားတစ်ဦးကပြောပါတယ်။
မဲဆောက်နဲ့မြဝတီကိုဆက်သွယ်ထားတဲ့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၁)ဟာ COVID-19 ကစလို့ အာဏာသိမ်းတဲ့အထိ သုံးနှစ်လောက်ပိတ်ထားခဲ့ကာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်က ပြန်လည်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
လတ်တလောမှာ ထိုင်းနယ်စပ်ကို မြန်မာပြည်ဒေသအသီးသီးက အလုပ်အကိုင်ရရှိဖို့ လာရောက်ကြသူတွေနေ့စဉ်များပြားနေတာကို တွေ့နေရပါတယ်။
ပုံစာ-မြဝတီအမှတ်-၁ တံတား မဲဆောက်ဘက်ခြမ်း
ဓာတ်ပုံ-မော်ကွန်း
#Dailynews

