NCA နှစ်ပတ်လည်အခမ်းအနားကျင်းပဖို့ RCSS/SSA နဲ့ စစ်ကောင်စီ နေပြည်တော်မှာဆွေးနွေး

NCA နှစ်ပတ်လည်အခမ်းအနားကျင်းပဖို့ RCSS/SSA နဲ့ စစ်ကောင်စီ နေပြည်တော်မှာဆွေးနွေး

ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၂၂ (မော်ကွန်း)

NCA ရှစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကျင်းပဖို့ စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ မနေ့ကနဲ့ဒီနေ့ နှစ်ရက်ကြာ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာကနေ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဟာ လာမယ့်အောက်တိုဘာလမှာကျရောက်မယ့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးတဲ့ ရှစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်မှာ ကျင်းပဖို့စီစဉ်နေတာပါ။

RCSS နဲ့ နှစ်ရက်ကြာ ဆွေးနွေးပွဲမှာ NCA ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပရေး၊ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ ဒေသတွင်းမှာ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ရာမှာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

အဆိုပါ ဆွေးနွေးပွဲ သဘောတူညီချက်တွေနဲ့ပတ်သက်လို့ RCSS အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူဆီကို ဆက်သွယ်ပေမယ့် ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဟာ ယခုလဆန်းပိုင်းကလည်း အပစ်ရပ်လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်ငါးဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA(PC) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNLO/PNLA) အဖွဲ့တို့နဲ့ NCA ရှစ်နှစ်ပြည့်အခမ်းအနား ကျင်းပရေးအတွက် တွေ့ဆုံဆွေးနွေးထားပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာတော့ NCA ရှစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကျင်းပဖို့ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံရေးအရ အဓိပ္ပါယ်ပြည့်ဝတဲ့ ဆွေးနွေးပွဲဖြစ်လာဖို့ စီစဉ်နေတယ်လို့ NCA လက်မှတ်ထိုးထားတဲ့ အပစ်ရပ် ငါးဖွဲ့ရဲ့ကိုယ်စားပြောဆိုခွင့်ရှိသူဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းက မော်ကွန်းကိုပြောကြားထားပါတယ်။

စစ်ကောင်စီကတော့ အခုလို NCA လက်မှတ်ထိုး နှစ်ပတ်လည်အခမ်းအနား ကျင်းပဖို့ စီစဉ်နေပေမယ့် NCA ထိုး လက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားကြီး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KNU ကတော့ NCA စာချုပ် တရားမဝင်တော့ဘူးလို့ တရားဝင်ထုတ်ပြောထားပါတယ်။

“စစ်တပ်ဘက်က သူတို့ကိုယ်တိုင် သဘောတူပြီးတော့ လက်မှတ်ထိုးခဲ့တဲ့ NCA စာချုပ်ကိုတောင် ကဖျက်ယဖျက်လုပ်ပြီး၊ လုံးဝကိုချိုးဖောက်ပြီး စစ်အာဏာသိမ်းလိုက်တဲ့အခါမှ ဘယ်တော့မှ သူတို့နဲ့ ဆွေးနွေးတိုင်ပင်လို့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ တခြားနည်းလမ်းနဲ့ ကြိုးပမ်းဖို့ ဆုံးဖြတ်လိုက်တယ်” လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက KNU ရဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲပြုလုပ်ပြီးနောက် ရက် ၁၀၀ ပြည့် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

NCA အပစ်ရပ် သဘောတူစာချုပ်ကို သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်မှာ စတင်ချုပ်ဆိုခဲ့တာဖြစ်ပြီး ယခုနှစ်မှာ ရှစ်နှစ်ပြည့်မြောက်မှာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် NCA နှစ်ပတ်လည် ခြောက်နှစ်ပြည့်နဲ့ ခုနစ်နှစ်ပြည့်အခမ်းအနားတွေကို နှစ်ကြိမ်ကျင်းပထားပါတယ်။

NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ရှိပေမယ့် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာတော့ NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စတဲ့အဖွဲ့တွေကတော့ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ပုံစာ – RCSS နဲ့ စစ်ကောင်စီတို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနေစဉ်
ဓာတ်ပုံ – MOI


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."