ရန်ကုန်- ၂၀၂၂၊ ဒီဇင်ဘာ ၅ (မော်ကွန်း)
ပတ်စ်ပို့လျှောက်ထားဖို့ အွန်လိုင်းကနေ QR ကုဒ်နဲ့ဘွတ်ကင်ယူရတဲ့စနစ်ကို ယနေ့မှစ၍ရပ်ဆိုင်းလိုက်ပြီး ပြန်လည်လျှောက်ထားနိုင်မယ့်နေ့ကို ထပ်မံအသိပေးသွားမယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးက သတင်းထုတ်ပြန်ပါတယ်။
“QR ကုဒ်စျေးတွေကအပြင်မှာ သိန်းချီပြီးပေါက်နေတာ။ အဲ့ဒါအပေါ်ထိရောက်သွားတာ။ ဒီနေ့ကစပြီးရပ်ဆိုင်းလိုက်တာ။ အခုက ဘယ်လိုစနစ်နဲ့ ဆက်သွားမလဲဆိုတာ တာဝန်ရှိသူတွေ တိုင်ပင်ဆွေးနွေးကြဦးမှာ။ တစ်လ နှစ်လလောက်တော့ကြာမယ်ထင်တယ်” လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ တာဝန်ရှ်ိသူတစ်ဦးကပြောပါတယ်။
ယခင် QR ကုဒ်ယူထားသူများကတော့ ဆက်လက်အသုံးပြုနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။
လျှောက်ထားသူတွေအနေနဲ့လည်း ပွဲစားတွေထံက QR ကုဒ်တွေကို စျေးအဆမတန်ပေးဝယ်တာ၊ တစ်ခြားသူတွေရဲ့ QR ကုဒ်တွေကို လက်လွှဲ အသုံးပြုတာတွေမလုပ်ဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက အွန်လိုင်းဘွတ်ကင်စနစ်ဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ရတဲ့စနစ်ကို ပြီးခဲ့တဲ့ မတ် ၂၃ ရက်က စတင်လုပ်ဆောင်ခဲ့တာပါ။
အဲ့လိုလုပ်ဆောင်ခဲ့ပြီးတဲ့နောက်ပိုင်း ရန်ကုန်မြို့ကနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံရှေ့မှာ နေ့စဉ် နံနက် ၂:၀၀ နာရီကတည်းက နိုင်ငံအနှံ့မှလာလျှောက်ကြတဲ့ လူတန်းရှည်ကြီးကိုမြင်တွေ့ရပြီး ပွဲစားတွေရဲ့လိမ်လည်မှုတွေကိုလည်း မကြာခဏကြုံတွေ့ခဲ့ရကြောင်း ကိုယ်တွေ့ကြုံခဲ့သူတွေက သူတ်ို့ရဲ့ အဖြစ်အပျက်တွေက်ို လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ မျှဝေကြပါတယ်။
ပုံစာ – နေမထွက်ခင်ကတည်းက ပတ်စ်ပို့ရုံးရှေ့စောင့်ဆိုင်းနေကြသည့်လူအုပ်ကြီး
Photo: Supplied
#Dailynews

