ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၂၁ (မော်ကွန်း)
တစ်ကျော့ပြန်စစ်ပွဲတွေဖြစ်ပွားလာတဲ့ ရခိုင်ပြည်နယ်မှာ ဆက်သွယ်ရေးလမ်းကြောင်းတွေကို စစ်ကောင်စီတပ်ကပိတ်ထားတာ သီတင်းတစ်ပတ်ကျော်ကြာမြင့်လာပြီးနောက် ဒေသတွင်းမှာ အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီပြတ်လပ်မှုတွေ စတင်ရင်ဆိုင်လာရပြီလို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ဟာ ယခုလ ၁၃ ရက်နေ့က တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်ကို ဝင်တဲ့လမ်းကြောင်းတွေကို စစ်ကောင်စီကပိတ်ဆို့လိုက်တဲ့အပြင် ပြည်နယ်အတွင်းက မြို့နယ်ချင်းဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေကိုပါပိတ်ဆို့ထားတာပါ။
ကျောက်တော်မြို့နယ်က ကုန်သည်တစ်ဦးကတော့ လက်ရှိ ရခိုင်ဒေသတွင်းက မြို့နယ်အချို့မှာ စက်သုံးဆီ ဝယ်ယူလို့မရတဲ့ အခြေအနေဖြစ်နေတယ်လို့ ပြောပါတယ်။
“အချို့နေရာတွေဆိုရင် ဝယ်လို့မရတော့ဘူး။ အချို့ကတော့ လက်ကျန်ဆီလေးတွေ ရောင်းနေကြတယ်။ ဈေးတော့တက်သွားတာပေါ့၊ အဲ့ဒီအတိုင်း နောက် ၁၀ ရက်၊ ၁၅ ရက်လောက်ဆိုရင်တော့ အကုန်လုံးတော့ ကုန်သွားနိုင်တယ်။ ကုန်စည်စီးဆင်းမှုက လုံးဝရပ်သလိုဖြစ်သွားတာကိုး” လို့ ၎င်းက ပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ စပါးရိတ်သိမ်းရာသီရောက်ပြီဖြစ်ပေမယ့် သယ်ယူပို့ဆောင်ရေးအခက်အခဲ၊ စက်သုံးဆီအခက်အခဲတွေကြောင့် စပါးခင်းတွေလည်း မရိတ်သိမ်းနိုင်ဖြစ်နေတယ်လို့ မြောက်ဦးမြို့နယ်က စပါးစိုက်တောင်သူတစ်ဦးကလည်း ပြောပါတယ်။
“ဒီရက်ပိုင်းမေးတော့ ဒီဇယ်ဈေးက တစ်ပေပါကို တစ်သိန်းလောက်ခုန်တက်သွားတယ်။ ဒါတောင် နောက်ရက်တွေ မရတော့ဘူး၊ မရှိတော့ဘူး။ လူအားနဲ့လည်းရိတ်ဖို့က အလုပ်သမားတွေလည်းမရှိဘူး။ မရှိဆို အကုန်လုံးက ကြောက်နေကြတာ။ ဘယ်အချိန်တိုက်ပွဲထဖြစ်မလဲမသိတဲ့ ကျီးလန့်စာစား အခြေအနေဖြစ်နေတော့ ဘယ်သူမှ စပါးထွက်မရိတ်ရဲကြဘူး။ ရိတ်ပြီးသွားရင်လည်း ဝယ်မယ့်သူကမရှိဘူး။ တစ်နေရာကနေ တစ်နေရာကိုလည်း သယ်ဖို့ကလည်း လမ်းတွေက အကုန်ပိတ်ထားတော့ ဒီအတိုင်းဆို ရိတ်သိမ်းရာသီလွန်လို့ စပါးပျက်စီးတာတွေ ဖြစ်လာမယ်” လို့ ၎င်းတောင်သူက ပြောပါတယ်။
ဒါ့အပြင် ကုန်စည်စီးဆင်းမှုရပ်တန့်နေတာကြောင့် စားသောက်ကုန်ဈေးနှုန်းတွေဟာလည်း မြင့်တက်နေသလို အချို့မြို့နယ်တွေမှာလည်း ဝယ်ယူလို့မရတဲ့ အခြေအနေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေ၊ ကျောက်ဖြူ၊ မြေပုံ အစရှိတဲ့ မြို့နယ်တွေမှာတော့ ဆန်နဲ့ဆီအပါအဝင် ပဲအမျိုးမျိုး၊ အာလူးနဲ့ ခေါက်ဆွဲခြောက်ထုတ်တွေပါ ပြတ်လပ်နေတယ်လို့ အဆိုပါမြို့နယ်က ဒေသခံတွေက ပြောပါတယ်။
“ကျွန်တော်တို့က ဘယ်လိုဖြစ်နေလဲဆိုတော့ ဒေသထွက်တဲ့ဟာတွေပဲ ရှိတော့တာ၊ ပြည်မက ကုန်စည်တွေက အရင်လက်ကျန်လောက်ကိုပဲ ရောင်းနေတာဖြစ်တော့တယ်။ ကုန်စုံဆိုင်အချို့မှာဆို မရောင်းပေးတော့ဘူး။ အခုဆို ကျွန်တော်တို့ စစ်တွေမှာ ငရုတ်သီးတစ်ထောင်ဖိုးကို ၁၅ တောင့်ပဲ ရတော့တယ်” လို့ သူက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ အခြေခံစားသောက်ကုန်အများစုကို ပြည်မကနေ တင်သွင်းနေတာဖြစ်တဲ့အတွက် အခုလို လမ်းကြောင်းဆက်လက်ပိတ်ထားပါက ဒေသတွင်း စားနပ်ရိက္ခာ ပြတ်တောက်မှုဖြစ်လာနိုင်တယ်လို့ ရခိုင်နယ်စပ်ပို့ကုန်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ရက္ခိုင့်တပ်တော် (AA) လက်နက်ကိုင်အဖွဲ့က ကုန်ဈေးနှုန်းမြှင့်တင်ရောင်းချမှုတွေကို အရေးယူမယ်လို့ ထုတ်ပြန်ထားတဲ့အတွက် ကုန်ဈေးနှုန်းက အများကြီးမြင့်တက်သွားတာမဟုတ်ပေမယ့် ကုန်စည်တွေဝင်ရောက်မလာနိုင်တာကြောင့်စားနပ်ရိက္ခာ အခက်အခဲဖြစ်လာမယ်လို့ ၎င်းကပြောပါတယ်။
“AA ကလည်း သတိပေးထားတော့ ကုန်ဈေးနှုန်းကတော့ အရမ်းတော့တက်မလာဘူး။ ဈေးတော့ အရမ်းတက်မလာသလို ဘယ်မှာမှလည်း ဝယ်လို့လည်းမရတဲ့ အခြေအနေဖြစ်နေတာပေါ့” လို့ သူကပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA)ဟာ ယခုလ ၁၃ ရက်က ရသေ့တောင်မြို့နယ်က ချိန်ခါလိန်နှင့် ဒုံးပိုက် နယ်ခြားစောင့်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်မှာ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ငသိုင်းချောင်း-ဂွ-သံတွဲလမ်း၊ ပြည်-တောင်ကုတ်လမ်းနဲ့ မင်းဘူး-အမ်း ကားလမ်းတွေကို ပိတ်ထားသလို ဒေသတွင်းမှာ မြို့နယ်ချင်းဆက်လမ်းတွေ၊ ရေကြောင်းလမ်းတွေကိုလည်း ပိတ်ဆို့ထားတာပါ။
ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးရုံး (UNOCHA) ကတော့ ရခိုင်ပြည်နယ်ကို လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အကူအညီတွေ မဖြစ်မနေ လိုအပ်တဲ့ ဝန်ဆောင်မှုတွေပေးအပ်နိုင်ဖို့အတွက် ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ပေးဖို့ ယခုလ ၁၅ ရက်က ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ပြီး တောင်းဆိုထားပါတယ်။
ပုံစာ – တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ပေါက်တောမြို့က ဒေသခံများ
ဓာတ်ပုံ – AMW

