မင်္ဂလာဒုံ – ၂၀၂၂ နိုဝင်ဘာ ၂၁ (မော်ကွန်း)
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ တပ်ပိုင်မြေမှာပါဝင်နေတယ်ဆိုပြီး ဖယ်ရှားခိုင်းတဲ့ရပ်ကွက်ငါးခုမှာ အဆုံးစီရင်သွားသူ သုံးဦးအထိရှိလာပြီလို့ ဒေသခံတွေကပြောပါတယ်။
ပျဥ်းမပင်ကျေးရွာအုပ်စုထဲက စံသမာဓိ၊ မြဝတီ၊ ဓမ္မပါလ၊မြဲမြံအောင်နဲ့ ဂုံညှင်းနီး ရပ်ကွက်တွေကို ပြောင်းရွှေ့ခိုင်းထားတာဖြစ်ပြီး “ဓမ္မပါလကတစ်ယောက်၊ မြဲမြံအောင်ကတစ်ယောက်နဲ့ မြဝတီကတစ်ယောက် သုံးယောက်တော့သတ်သေသွားပြီ၊ အမျိုးသားတွေချည်းပဲ” လို့ မြဝတီရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။
အဲဒီရပ်ကွက်တွေကို နိုဝင်ဘာ ၁၈ ရက်မှာ အပြီးဖျက်သိမ်းဖို့အကြောင်းကြားထားပေမယ့် နိုဝင်ဘာ ၂၂ ရက်နောက်ဆုံးထားဖျက်သိမ်းဖို့ ရက်ထပ်တိုးထားတယ်လို့လည်းသိရပါတယ်။
အဆုံးစီရင်သွားသူတွေဟာ နေစရာအိမ်တွေဖျက်ခိုင်းထားကြောင့် စိတ်ဓါတ်ကျပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေသွားကြတာလို့ စံသမာဓိရပ်ကွက်နေသူတစ်ဦးကလည်းဆိုပါတယ်။
“အိမ်တွေအဖျက်ခံရတော့ဝမ်းနည်းရုံကလွဲပြီး သူတို့ဘာမှမတတ်နိုင်ဘူး။ အဲ့အချိန်မှာ စိတ်မနိုင်တဲ့သူတွေကျတော့လည်း လုပ်မိလုပ်ရာလုပ်မိတာထင်ပါတယ်။ ကျနော်တို့ဟိုဘက်ရပ်ကွက်ဆို ၅၃နှစ် အမျိုးသားတစ်ဦး၊ သူတို့နို့တစ်စာလာပေးပြီးတော့ဖြစ်သွားတာ” လို့ သူကပြောပါတယ်။
ရပ်ကွက်နေသူတွေဟာ အိမ်တွေဖျက်နေကြပြီး သွားစရာနေစရာမရှိတော့လို့ ဒုက္ခရောက်နေသူတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အဆုံးစီရင်သွားသူတွေ ဘယ်သူတွေဖြစ်တယ်ဆိုတာ မော်ကွန်းကအတည်ပြုဖို့ကြိုးစားနေပါတယ်။
Photo: Mawkun
#Dailynews

