ကေအဲန်ယူ တပ်မဟာ ၅ မှာ ၂၀၂၃ တစ်နှစ်အတွင်း အာဏာသိမ်းစစ်တပ်ဘက်က ၉၀၀ နီးပါးသေဆုံးခဲ့

ကေအဲန်ယူ တပ်မဟာ ၅ မှာ ၂၀၂၃ တစ်နှစ်အတွင်း အာဏာသိမ်းစစ်တပ်ဘက်က ၉၀၀ နီးပါးသေဆုံးခဲ့

မူတြော် – ၂၀၂၄ ဇန်နဝါရီ ၄ (မော်ကွန်း)

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ‌ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅၊ မူတြော်ခရိုင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း အာဏာသိမ်းစစ်တပ်ဘက်က ၈၆၉ ဦးသေဆုံးခဲ့တယ်လို့ တပ်မဟာ ၅ က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

၂၀၂၃ ဇန်နဝါရီ ၁ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အတွင်း တစ်နှစ်တာ တိုက်ပွဲအနှစ်ချုပ်နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများအစီရင်ခံစာအနေနဲ့ တပ်မဟာ ၅ က ထုတ်ပြန်ထားတာပါ။

အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးတဲ့ ၈၆၉ ဦးထဲမှာ ဒုဗိုလ်မှူးကြီး(တပ်ရင်းမှူး)တစ်ဦး၊ ဗိုလ်ကြီး(တပ်ခွဲမှူး) သုံးဦး၊ ဗိုလ်(ဒုတပ်ခွဲမှူး) သုံးဦးတို့လည်းပါဝင်ပြီး ဒဏ်ရာရသူ ၆၀၀ ကျော်ရှိကာ တစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၁၈၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

တပ်မဟာ ၅ ဘက်ကတော့ စစ်သည် ၄၅ ဦးကျဆုံးပြီး ၁၈၀‌ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၃ တစ်နှစ်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ အဆောက်အအုံတွေ၊ စစ်ဘက်သုံးယာဉ်တွေ၊ ရိက္ခာခဲယမ်း ထောက်ပို့ရာမှာသုံးတဲ့ မြင်းလားအကောင် ၁၀၀ ကျော်ကိုပါ သုတ်သင်ပစ်ခဲ့တယ်လို့ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဘက်က စစ်သား အယောက် ၃၀ ဟာလည်း တပ်မဟာ ၅ ဆီ လက်နက်ချအလင်းဝင်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၇၄ ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၂၈၀ ကျော်ကြဲချခဲ့ကာ လေယာဉ်ပေါ်က စစ်သေနတ်တွေနဲ့ အရပ်သားတွေရှိရာ ကျေးရွာတွေကို ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူ ၃၀ ဦး သေဆုံးခဲ့ကာ ၅၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ် ၁၀၀ နီးပါး၊ ဆေးရုံ၊ ဆေးခန်း၊ ဘုရားကျောင်း၊ စာသင်ကျောင်း၊ ပြည်သူပိုင် အိမ်မွေး ကျွဲနွားတိရစ္ဆာနဲ့ လယ်ယာသုံး၊ အိမ်သုံး စက်ပစ္စည်း၊ မော်တော်ယာဉ်တွေ၊ ဆန်စပါးတွေလည်းပျက်စီးခဲ့ရသလို အာဏာသိမ်းစစ်တပ်ရဲ့ စစ်သားတွေ ခိုးယူလို့ ဒေသခံပြည်သူတွေ ပိုင်ဆိုင်တဲ့ ကာလပေါက်ဈေး ကျပ်ငွေ သိန်း ၂၈၀ နီးပါးတန်ဖိုးရှိ ထိုင်းဘတ်ငွေအပါအဝင် ငွေသားတွေ ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုံစာ – ၂၀၂၃ နှစ်ဆန်းပိုင်း တပ်မဟာ ၅ ထံလက်နက်ချ အလင်းဝင်ခဲ့သည့် အာဏာသိမ်းစစ်တပ်၏ စစ်သားအချို့

ဓါတ်ပုံ – KNLA တပ်မဟာ ၅

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."